မိုင်းဖြတ် မေ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဟိုနားကျေးရွာအတွင်းရှိ သံချပ်ကားတပ်ပိုင်မြေမှ (၁၅.၂၁)ဧကအား မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန်အတွက် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သံချပ်ကားတပ်ရင်းခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တာချီလိတ်ခရိုင်၊ လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်နှင့် ကော်မတီဝင်များက တပ်ပိုင်မြေအတွင်း နိုင်ငံတော်သို့ ပြန်လည်စွန့်လွှတ်လာသည့် (၁၅.၂၁)ဧက၏ မြေပြင်အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ သံချပ်ကာတပ်ရင်းခန်းမ၌ မြေယာပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမြင့်နိုင်က တပ်မှ မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်နိုင်ရေးအတွက် နိုင်ငံတော်သို့ပြန်လည်စွန့်လွှတ်လာခြင်း ဖြစ်ကြောင်း၊ ပြန်လည်စွန့်လွှတ်လာသည့်မြေများသည် ကျေးရွာပိုင်ဆိုင်မှုရရှိနိုင်ရေးအတွက်ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ကျေးရွာနေပြည်သူများ အမည်ပေါက်ရရှိနိုင်ရေး အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် သံချပ်ကာတပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးဥက္ကာက တပ်ပိုင်မြေပြန်လည်လွှဲပြောင်း ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့သည်။
ယင်းနောက် ခေတ္တတပ်ရင်းမှူး ဗိုလ်မှူးဥက္ကာက တပ်ပိုင်မြေ (၂၀၃.၅၀)ဧကအနက်မှ (၁၅.၂၁)ဧကကို နိုင်ငံတော်သို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ခရိုင်လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးမြင့်နိုင်က လက်ခံရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)