ပွင့်ဖြူ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်ကင်းဝေး စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍ အမှတ်(၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက်ရှိ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်(ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များက မေ ၁၃ ရက်၊ ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့အဝင် လေးတိုင်စင် မီးပွိုင့်လမ်းဆုံ နေရာတွင် စုရပ်ပြုလုပ်၍ စက်တပ်ယာဉ်များ စီးနင်းသွားလာသော ဒေသခံပြည်သူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် ဆောင်ရွက်ရာ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပွင့်ဖြူ)မှ တာဝန်ခံ ရဲတပ်ကြပ်ကြီးဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့အဝင် လေးတိုင်စင်မီးပွိုင့်လမ်းဆုံ နေရာတွင် စုရပ်ပြုလုပ်ကာ ပွင့်ဖြူ - စလင်း - မင်းဘူး - မကွေး သွားကားလမ်းမတစ်လျှောက် ဖြတ်သန်းသွားလာသော မော်တော်ဆိုင်ကယ်များ၊ သုံးဘီးဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များနှင့် ကုန်တင်ယာဉ်ကြီးများအား ရပ်တန့် စေပြီး ယာဉ်မောင်းနှင်သူများနှင့် ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသော ခရီးသွားပြည်သူများကို ယာဉ်တိုက်မှုအန္တရာယ် ကင်းဝေးစေရေးအတွက် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်းများနှင့် အညီ စနစ်တကျ မောင်းနှင်သွားလာရေး ၊ မြို့တွင်း ဖြတ်သန်းသွားလာရာတွင် သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရေး၊ မီးပွိုင့်နေရာများတွင် ဆင်ခြင်သတိပြု မောင်းနှင်သွားလာကြရန် ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများ ဆိုင်ကယ်စီးဦးထုပ်များ စနစ်တကျ တပ်ဆင်၍ မောင်းနှင်ကြ ရန်နှင့် နှစ်ဦးထက် ပိုမိုစီးနင်းသွားလာခြင်းများ ရှောင်ကြဉ်ကြရန် စသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အချက်များကို၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို အလေးထား လိုက်နာဆောင်ရွက်သွားကြရန် အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်ကင်းဝေးစေရေးအတွက် ယာဉ်/လမ်းစည်းကမ်း အသိပညာပေးခြင်း လုပ်ငန်းကို ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ် (ပွင့်ဖြူ) မှ တာဝန်ခံ ရဲတပ်ကြပ်ကြီး ဝင်းဆန်း ဦးဆောင်သော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)