နမ့်ဆန် မတ် ၂၉
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ဖြိုးဝေနှင့် မြို့နယ်တာဝန်ရှိသူများ ဦးဆောင်ပြီး မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းအဖွဲ့တို့က မန္တလေးမြို့မှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့ နံနက်(၆)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှေ့ တွင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးသည် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ကူးစက်ပျံ့နှံ့ပြီး မြန်မာနိုင်ငံတွင်လည်း ရောဂါပိုးကူးစက်လူနာရှိလာသည့်အတွက် နမ့်ဆန်မြို့နယ်သို့ နယ်ဝေးမှ ဝင်ရောက်လာသည့် ခရီးသည်များအား ကိုရိုနာဗိုင်းရပ်ရောဂါ ကြိုတင်ကာကွယ်ခြင်း အသိပညာပေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်တွင် မန္တလေးမှ ခရီးသည်ယာဉ် (၁၂)စီး၊ ခရီးသည် ပေါင်း(၁၈၀)ဦးခန့်တို့ကို ကိုယ်ပူချိန်တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်ဝေငှပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းတာစစ်ဆေးချက်အရ ခရီးသည်များ အားလုံးထူးခြားမှုမရှိ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လက်ကမ်းစောင်ဖြန့်ဝေခြင်းနှင့် စနစ်တကျလက်ဆေးပေးခြင်း နည်းလမ်းကောင်းများကို ကျန်းမာရေးဝန်ထမ်းများနှင့် ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက အာရမ်းကျေးရွာ၊ ငွန်ဆိုင်းကျေးရွာ၊ လွယ်ခမ်းကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့၌ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)