ဘားအံ မေ ၁၄
ကရင်ပြည်နယ် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများပေါ်ထွန်းလာစေရေးနှင့် နေပြည်တော်တွင်ကျင်းပမည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)အောက်အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကရင်ပြည်နယ် ကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ၂၀၂၁-ခုနှစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ဘားအံမြို့၊ အောင်သံလွင်အားကစားကွင်း၌ကျင်းပလျက်ရှိရာ မေလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားတို့ကို ကျင်းပခဲ့သည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇)မြို့နယ်မှ ဘောလုံးအသင်း(၇)သင်းက ပွဲစဉ်ပေါင်း ၁၂ ပွဲဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ညနေတွင် ဗိုလ်လုပွဲစဉ်အဖြစ် ဘားအံ မြို့နယ်ဘောလုံးအသင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ဘားအံမြို့နယ်ဘောလုံးအသင်းက (၃)ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဥပဒေချုပ်ဦးရဲလွင်က ဗိုလ်လုပွဲနေ့ အကောင်းဆုံးအားကစားသမားဆုကိုလည်ကောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးကျော်စိုးက ဒုတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကို လည်ကောင်း၊ အဖွဲ့ဝင်(၃)ဦးရဲထွန်းဦးက ပထမဆုရရှိသော ဘားအံ မြို့နယ်ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆုများကိုလည်ကောင်း၊ အဖွဲ့ဝင်(၂) ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးခင်ဇော်နှင့် ပြည်နယ်တရားသူကြီးချုပ်ဦးသိန်းကိုကိုတို့က နေရာအလိုက် အကောင်းဆုံးအားကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုတို့ကို လည်ကောင်း၊ အဖွဲ့ဝင်(၅)ဦးဇော်ဝင်းနှင့် အဖွဲ့ဝင်(၄)ဦးစောခင်မောင်မြင့်တို့က ပူးတွဲတတိယဆု ရရှိသောအသင်းများအား ငွေသားဆုများကိုလည်ကောင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးမျိုးမင်းနောင်က ဒုတိယဆုရရှိသော ကြာအင်းဆိပ်ကြီးမြို့နယ် ဘောလုံးအသင်းအား ငွေသားဆုများကိုလည်ကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ဘားအံမြို့နယ်ဘောလုံးအသင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကာ ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားခဲ့ကြသည့် ဘောလုံးအသင်း(၂)သင်းနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။