မြောက်ဥက္ကလာပ မေ ၁၄
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ခေတ္တယာယီ ပိတ်ထားခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်အား မေလဆန်းမှစတင်၍ ပြည်သူများ စာပေဖတ်ရှု လေ့လာနိုင်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဖွင့်လှစ်ခဲ့သည့် ပြည်သူ့စာကြည့်တိုက်အား တနင်္လာနေ့မှ သောကြာနေ့ထိ နံနက် (၉:၃၀)နာရီမှညနေ(၄)နာရီထိ အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ်ဖွင့်လှစ်ထားရှိပေးလျက်ရှိကာ နေ့စဉ်ထုတ် သတင်းစာများ၊ အပတ်စဉ် ထုတ်ဂျာနယ်၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ အပျော်ဖတ် ၀တ္တုများ၊ ရုပ်ပြများ၊ သုတစာပေများ စသည်ဖြင့် သုတ/ရသ အမျိုးအစားစုံလင်သော စာအုပ်စာစောင်ပေါင်း တစ်သောင်းကျော်ဖြင့် စာပေချစ်ပရိသတ်များ ဖတ်ရှု ငှားရမ်းနိုင်ရန် ပြန်လည်၀န်ဆောင်မှု ပေးလျက်ရှိပြီး ပြည်သူများအနေဖြင့်လည်း စာကြည့်တိုက်မှ သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ အခမဲ့ အသင်း၀င်ရောက်ပြီး မိမိစိတ်ကြိုက် သုတ/ရသစာအုပ်များကို လာရောက်ငှားရမ်းနိုင်ရန် ဖိတ်ခေါ်လျက်ရှိကြောင်း သိရှိရသည်။
မြမြဝင်း (ပြန်/ဆက်)