ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ဒေါက်တာမတင်ဝင်း၏ “အလုပ်ဆိုတာ အင်အားပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ရန်ကင်း မေ ၁၄

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာမပေါက်ပေါက်ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ် ပရိတ် သတ်များက စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသော “အလုပ်ဆိုတာအင်အားပါ” စာအုပ်ပါ အကြောင်း အရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 “ဒီစာဖတ်ဝိုင်းလေးလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာမဒေါက်တာမတင်ဝင်းက အလုပ်သည် ဘဝကိုမြင့်ရာသို့ တိုးတက်စေနိုင်သော တွန်းအားကို ထုတ်ပေးနိုင်တယ်၊ အမြင့်ကိုတက်လိုသူများ အမြင့်မှနေ၍ ဆွဲယူနိုင်သော အားနှင့်လည်းပြည့်စုံပါတယ်၊ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်များသည် ကံ နှင့်ကံ၏ အကျိုးကိုသက်ဝင်ယုံကြည်ကြသူများ ဖြစ်ကြပါတယ်၊ ကံ၏အကျိုးကို ကောင်းစွာသက်ဝင်ယုံ ကြည်လေလေဘဝမှာ ရှင်းလင်း အေးချမ်းလေကောင်းမြတ်သော အင်အားများကို ထုတ်နိုင်လေဖြစ်တဲ့ အတွက် စိတ်ခွန်အားဖြစ်စေမယ့်စာတွေ   စိတ်ဓာတ်တက်ကြွဖို့ စိတ်ဓာတ်မကျဖို့ ရေးထားတယ် ၊ အသက်အရွယ်အားလုံး လူလတ်ပိုင်းတွေရော လူကြီး ပိုင်းတွေရော စိတ်ဓာတ်ခွန်အားဖြည့်ပေးတဲ့ စာအုပ်ဖြစ်ပါတယ် ဒီစာအုပ်လေးကို ဖတ်ကြည့်ခြင်းဖြင့် ကျွန်မကိုယ်တိုင်လည်း ဗဟုသုတတွေ အများကြီးရလို့ ဒီစာဖတ်ဝိုင်းလေးကို လုပ်ရခြင်းဖြစ်ပါတယ်” လို့ စာရေးဆရာမပေါက်ပေါက်က ပြောကြားခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များအနေဖြင့် မနက် (၉) နာရီခွဲမှ ညနေ (၄)နာရီခွဲ အချိန်အထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက် လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် အခမဲ့ဝိုင်ဖိုင် အသုံးပြုခြင်း၊ ဒေသဆိုင်ရာ သမိုင်း အကျဉ်းများ၊ ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ်ပရိတ်သတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက် နိုင်သူများ အတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ မိုးလေဝသ သတင်းများ၊ ဒေသဆိုင်ရာ ထူးခြားဖြစ်စဉ်သတင်းများ၊ စာအုပ်မိတ်ဆက်အစီအစဉ်များနှင့် ကလေးများအတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များကိုလည်း တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးလေး(ပြန်/ဆက်)