ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာ အောင်ကျော်မင်း မောင်တော‌ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

 

စစ်တွေ  မေ  ၁၅

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ ဒေါက်တာ အောင်ကျော်မင်းသည် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် မောင်တောဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ အားကွင်းဆင်းဆောင်ရွက်သည်။

ရှေ့ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့မကျောင်းတိုက်၌ ကိန်းဝပ်တော်မူ လျက်ရှိသော ဘီစီ(၅၆၈) ရက္ခပူရ တတိယဓညဝတီခေတ်တွင် ရခိုင်ဘုရင် စန္ဒသူရိယ သွန်းလုပ်တော်မူခဲ့သည် မဟာကျန်ဗုဒ္ဓရုပ်ပွားတော်အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မြို့မ ကျောင်းဆရာတော်အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် မောင်တောနယ်စပ် ကုန်သွယ်ရေး ဆိပ်ခံတံတား (ယခင်အသုံးပြုခဲ့ သောနေရာ) သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကုန်တင်ကုန်ချသင်္ဘောများ ဆိပ်ကပ်ခဲ့မှုနှင့် ယခင်အသုံးပြုခဲ့မှုများကိုရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မောင်တောမြို့ရွှေဇားကျေးရွာ၌ အိန္ဒိယနိုင်ငံအစိုးရမှ လှူဒါန်းထားသည့် နေအိမ် ၁၄၈ အိမ်တွင်ပြန်လည်နေရာချထားပြီး နေထိုင်ကြသည့် ဟိန္ဒူလူမျိုးများအား တွေ့ဆုံကာ အားပေးစကားပြောကြားပြီး ကျေးရွာအတွက် လိုပ်ချက်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ပေးခဲ့သည်။ ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မောင်တောနယ်စပ် - ကညင်ချောင်း စီးပွားရေးဇုန် တည်ဆောက်ရေးစီမံကိန်းသို့သွားရောက်ပြီး စီမံ ကိန်းရှင်းလင်းဆောင်၌ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မောင်တောနယ်စပ်ကုန်သွယ်ရေးအသင်းဥက္ကဋ္ဌ၊ ဦးအောင်မြင့်သိန်းက ကညင်ချောင်းစီးပွားရေးဇုန် တည်ဆောက်နေမှု၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် နိုင်ငံခြားဝင်ငွေရရှိမှု၊ နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့်အညီဆောင်ရွက်နေမှု စသည့်ကိစ္စများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ပေါင်းစပ်ညှိနှိုင်းပေးကြပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးပေးကြသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းသို့သွားရောက်ပြီး စခန်းတာဝန်ခံ များ၊ စခန်းအုပ်ချုပ်မှုအဖွဲ့ များနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ခေတ္တစခန်းတာဝန်ခံ မောင်တောခရိုင်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးနိုင်အေးက လှဖိုးခေါင်ယာယီနေရာချ ထားရေးစခန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နှင့်တိုင်းမှူးတို့က သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မောင်တောမြို့၊ မြို့မအရှေ့ရပ်ကွက်တွင် နေရပ်မစွန့်ခွာသည့် ဘင်္ဂလီလူမျိုးများအတွက် ကျေးလက်အိမ်ရာ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

နေ့လည်ပိုင်းတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ အမှတ်(၂)မြို့မရပ်ကွက်ရှိ လမ်းမကျောင်းတိုက်သို့သွားရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့ပေါ်ကျောင်းတိုက်အသီးသီးမှ ဆရာတော်များအားဖူးမြေှာ်ကာ ဆရာတော်သံဃာ တော်များထံမှ ဩဝါဒခံယူကာ လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌနှင့်အဖွဲ့သည် အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့က အဖွင့်အမှာစကားပြောကြားကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ဦးရွှေလှအောင်က မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စုရပ်များ၏ အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းက တိုက်ပွဲရှောင်များ၏ တင်ပြချက်များ အပေါ်ရှင်းလင်း ပြောကြားပြီး တိုက်ပွဲရှောင်များ မိမိဆန္ဒအလျောက်နေရပ်ပြန်နိုင်ရေးအတွက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ထောက်ပံ့ပေးမည့်အစီအမံများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက တိုက်ပွဲရှောင်စခန်း(၄)ခုမှ အိမ်ထောင်စုများအတွက် တာပိုလင်(မိုးရေခံစ)၊ ထီး၊ ကြက်သွန်၊ အာလူး၊ ဆီနှင့် ဆားတို့ကို ထောက်ပံ့ပေးအပ်ကြသည်။ ထို့နောက် တိုက်ပွဲရှောင်ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးခဲ့သော နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများလာရောက်လျောက်ထားသူ ပြည်သူ (၉၉) ဦး အတွက် ဓာတ်ပုံရိုက်ခ၊ သွေးစစ်ခများ ကုန်ကျငွေ တစ်ဦးလျှင် (၃၀၀၀) ကျပ်နှုန်းတို့အား ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ရခိုင်ပြည်နယ် ဦးစီးမှူး ဦးစိုးလွင်တို့က ပေးအပ်ကြသည်။ ဆက်လက်၍ တိုက်ပွဲရှောင်စခန်း တာဝန်ခံများမှ လက်ရှိနေထိုင်သည့် စခန်းများအတွက် လိုအပ်ချက်များ၊ မိမိတို့နေရပ်ပြန်လည်နေထိုင်‌နိုင်ရေးအတွက် လိုအပ်ချက် တို့ကို တင်ပြကြရာ တိုင်းမှူးနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးသန်းထွန်းတို့က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဆိုင်ရာ ရခိုင်ပြည်နယ်ဦးစီးမှူးတို့က တိုက်ပွဲရှောင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းနှင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေမှုအခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကာ တိုက်ပွဲရှောင်ပြည်သူများအားရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)