ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ရန်ကုန် မေ ၁၅

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်  အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်ရာ  ကြိုတင်ပြင်ဆင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်သီရိဇေယျနော်ရထာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးယဉ်ထွေး က အခြေခံပညာ ကျောင်းများ ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊  ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူ ခွင့်ရရှိစေရေး၊ ကျောင်းများ သန့်ရှင်းသာယာလှပစေရေး၊ မိဘဆရာအသင်းများ၊ ကျောင်းအကျိုးတော် ဆောင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကူညီဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေး ပြောကြားခဲ့သည်။ ယင်းနောက် ဒလတပ်နယ်မှ  ဒုတိယ ဗိုလ်မှူးကြီး စိုးနိုင် က အခြေခံပညာကျောင်းများအား တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်း သာယာရေးနှင့် လုံခြုံမှုရှိစေရေး အတွက် ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက်  တက်ရောက်လာကြသော မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ် ဆရာ၊ ဆရာမများ၊  ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် မိဘဆရာအသင်းဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ က ကျောင်းများ ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် လုံခြုံရေးတို့အတွက် လိုအပ်သည်များကို မေးမြန်းကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက  ဆွေးနွေး ဖြေကြားခဲ့ ကြောင်းသိရသည်။

၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၄ ရက်မှ ၃၁ ရက်ထိ သတ်မှတ်ထားပြီး၊ ၅ နှစ်အရွယ် ကလေးများကို သူငယ်တန်း(KG) သို့ အပ်နှံရန်၊ ၆ နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1) သို့ အပ်နှံရန်  အသိပေးကြေညာထားပြီ၊ ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမပြုလုပ်ဘဲ၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask နှင့်  Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သွားမည်ဖြစ်ကြောင်းသိရသည်။

 နိုင်လင်းကျော်(IPRD)