မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စု ၅၃ စုအတွက် ထောက်ပံ့ငွေပေးအပ်

မိုင်းရယ် မေ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၊ မန်ကျောင်းကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာတွင် မေလ ၇ ရက် နံနက် ၄ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စု ၅၃ စုအတွက် ထောက်ပံ့ကြေးပေးအပ်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီက မိုင်းရယ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌ ဦးစိုးမင်းအောင်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိ သူများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်/ကျေးစာရေးများနှင့် မိုင်းရယ်မြို့နယ် ကျေးရွာဥက္ကဋ္ဌများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အမှာစကားပြောကြားပြီး မိုးသက်လေပြင်း ကျ၍ မိုးသီးများကြွေကျမှုကြောင့် ပျက်စီးသွားသော အိမ်ထောင်စုများအတွက် ပျက်စီး ဆုံးရှုံးမှု ခန့်မှန်းတန်ဖိုး ကျပ် (၃၃၈၅၀၀၀) ကိုပေးအပ်ရာ မန်ကျောင်းကျေးရွာအုပ်စု၊ မန်ပန်ကျေးရွာ ဥက္ကဋ္ဌက ကိုယ်စားရယူသည်။ 

အဆိုပါ မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးကြွေကျမှုကြောင့် လူနေအိမ် ၅၃ လုံး သွပ်အမိုး ပေါက်၍ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ရာ ယခုအခါ ပြန်လည်ပြုပြင်လျက်ရှိကြောင်းနှင့် လူနှင့်တိရစ္ဆာန် အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။ 

မိုင်းရယ် (ပြန်/ဆက်)