မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၁)ဖွင့်လှစ်

 

မိုင်းဆတ် မေ ၁၇

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်း အမှတ်စဉ်(၁)ကို ယနေ့နံနက်(၉)နာရီက အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦးက နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နယ်စပ်ရေးရာဝန်ကြီးဌာနမှ အိမ်တွင်းမှုသင်တန်းကျောင်းများကို ရည်ရွယ်ချက်(၅) ရပ်ဖြင့်ဖွင့်လှစ်ထားကြောင်း၊ သင်တန်းသူများအနေဖြင့် အိမ်တွင်းမှုပညာရပ်များကို ကြိုးကြိုးစားစား သင်ယူ ကြရန်နှင့် သင်တန်းကျောင်းမှချမှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာကြရန်လိုကြောင်း၊  သင်တန်း ဆင်း သင်တန်းသူများကို ရန်ကုန်မြို့၌ ဖွင့်လှစ်လျက်ရှိသည့် မော်တာစက်ချုပ်သင်တန်း တက်ရောက် လိုသည့် သင်တန်းသူများရှိပါက ပို့ဆောင်ပေးမည်ဖြစ်ပြီး မော်တာစက်ချုပ်သင်တန်းဆင်းပြီးပါက အထည်ချုပ်စက်ရုံများနှင့်ချိတ်ဆက်ကာ အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ ပခုက္ကူနှင့် ပုသိမ် အိမ်တွင်းမှုသင်တန်းကျောင်းများတွင် ဧည့်ကြိုသင်တန်း၊ အိပ်ဆောင် သင်တန်း၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်းများကိုလည်း ဖွင့်လှစ်ပေးလျက်ရှိပြီး သင်တန်းသူများ အနေဖြင့် တက်ရောက်လိုပါက စီစဉ်ပေးလျက်ရှိကြောင်း၊ ဟိုတယ်ဝန်ဆောင်မှု သင်တန်း ဆင်းပြီးပါက ဟိုတယ်များနှင့်ချိတ်ဆက်၍ အလုပ်အကိုင်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

ထို့နောက် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က သင်တန်းသူများအား ထောက်ပံ့ပေးမည့် သင်ထောက်ကူ ပစ္စည်းများ ခင်းကျင်းပြသထားမှုကို လေ့လာကြည့်ရှု ခဲ့ကြသည်။

 

အဆိုပါ အမျိုးသမီးအိမ်တွင်းမှုအဆင့်မြင့်စက်ချုပ်သင်တန်းအမှတ်စဉ်(၁)တွင် မြို့ပေါ်ရပ်ကွက်၊ ကျေးရွာများ မှ သင်တန်းသူ(၂၄)ဦးအား သင်တန်းကာလ ရက်သတ္တပတ်(၁၈)ပတ်ကြာသင်ကြားပို့ချပေးသွား မည်ဖြစ်ပြီး မိုင်းဆတ်မြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း သင်တန်းကျောင်းအနေဖြင့် သင်တန်းသူ (၁၅၉၀)ဦးအား စက်ချုပ်အတတ်ပညာကျွမ်းကျင် တတ်မြောက်အောင်သင်ကြားပေးခဲ့ပြီး (၅၆၁)ဦးမှာ စက်ချုပ်အတတ်ပညာဖြင့် ကိုယ်ပိုင်အသက်မွေးဝမ်းကြောင်း ပြုလျှက်ရှိကြောင်း အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ သိရသည်။

မြင့်မောင်(ပြန်/ဆက်)