ချောက် ဩဂုတ် ၇
စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ချောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမတွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းဝင် ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီး (၁)၊ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်း၀င်း၊ တိုင်းဒေသကြီး(၂)၊ လွှတ်တော်ကိုယ်စားလှယ် ဦးစိုး၀င်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ၀င်းတို့က အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဌေး၀င်းက ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် စီမံကိန်းဝင် ကျေးရွာ (၁၂)ရွာမှ ကျေးရွာကော်မတီဝင်များထံ ရန်ပုံငွေများလွှဲပြောင်းပေးအပ်ကြသည်။
အဆိုပါ စီမံကိန်းကို ကိုဗစ် -၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ဆောင်ရွက်ခြင်းဖြစ်ပြီး စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ တစ်ရွာလျှင် အိမ်ခြေအရေအတွက်ပေါ်မူတည်ပြီး အရင်းမပျောက် မတည်ရန်ပုံငွေကျပ်သိန်း ၁၀၀ ဖြင့် တစ်ရွာ၊ ကျပ်သိန်း ၂၀၀ဖြင့် သုံးရွာ၊ ကျပ်သိန်း ၃၀၀ ဖြင့် ရှစ်ရွာ၊ စုစုပေါင်း ကျေးရွာ (၁၂)ရွာတွင် ငွေကျပ်သိန်းပေါင်း သိန်း ၃၁၀၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ယင်း ကျေးရွာမှ လုပ်ကွက်၀င် တောင်သူများ လိုအပ်တဲ့ငွေကြေးအရင်းအနှီးများရရှိစေရန်အတွက် ကျေးရွာမတည် ရန်ပုံငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မချို(ပြန်/ဆက်)