ချီဖွေမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ချီဖွေ     မတ်   ၂၉

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဖွဲ့စည်း၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆွေက ယခုလတ်တလောဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ မြို့နယ်အတွင်း ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီအနေဖြင့် လုပ်ဆောင်ရမည့်လုပ်ငန်းများ၊ ရောဂါကူးစက်နိုင်ခြေရှိသည် နည်းလမ်းများ၊  သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများ ကာကွယ်ရမည့်နည်းလမ်းများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းကော်မတီအနေဖြင့် လိုအပ်ပါက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်းသို့ ပြည်ပမှ ပြန်လည်ရောက်ရှိလာ၍ (၁၄)ရက် စောင့်ကြည့်ခံရသူထားရှိရန် အဆောက်အဦ ရွေးချယ်ခဲ့ကြပြီး လိုအပ်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို  အမျိုးသားကျန်းမာရေးတာဝန်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 ဇင်မာဝင်း(ပြန်/ဆက်)