ငါးသိုင်းချောင်း မေ ၁၈
ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ညောင်မှော်ကျေးရွာအုပ်စုနှင့် မြက်တို ကျေးရွာအုပ်စုများတွင် မေလ(၆)ရက်နှင့် (၇)ရက်နေ့ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော နေအိမ်(၈)လုံးရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်ပြိုပျက် အိမ်ခြေ(၈)လုံးရှိ အိမ်ထောင်စုဝင်များသို့ ငါးသိုင်းချောင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကယ်ဆယ်ရေး ပစ္စည်းထောက်ပံ့ ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းက ထောက်ပံပေးအပ်သော ကယ်ဆယ်ရေးပစ္စည်း (Hygiene Kit)မိသားစု သန့်ရှင်းရေး သုံးပစ္စည်း(၁၉)မျိုးပါ ပုံး(၁)ပုံးနှင့် စောင်(၁)ထည်စီကို မြို့နယ်ကြက်ခြေနီ အသင်းခွဲကိုယ်စား၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီ အသင်းခွဲငယ် ဥက္ကဋ္ဌနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ် ထောက်ပံ့ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်ပြိုပျက် အိမ်ခြေ(၈)လုံးတွင် သက္ကယ်ပြင်ကျေးရွာအုပ်စုမှ နေအိမ်(၆)လုံး၊ မြက်တိုကျေး ရွာအုပ်စုနှင့် ညောင်မှော်ကျေးရွာအုပ်စုမှ နေအိမ်(၁)လုံးစီ စုစုပေါင်းနေအိမ်(၈)လုံး ပါဝင်ကြောင်း သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)