ပူတာအိုမြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း စည်းဝေး

ပူတာအို  မတ်  ၂၉

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း ကော်မတီအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က လုပ်ငန်းကော်မတီဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေများနှင့် လုပ်ငန်းတာဝန်များ၊ မြို့နယ်အတွင်း ပြည်ပနိုင်ငံများမှပြန်လာသူများအား စုံစမ်းထောက်လှမ်းပြီး Home Quarantine ထားရှိမှု အခြေအနေများနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ခရိုင် ဆေးရုံအုပ် ဒေါက်တာသန့်ဇင်ထွန်းက မြန်မာနိုင်ငံတွင် လက်ရှိရောဂါဖြစ်ပွားနေမှု အခြေအနေများ၊ Isolation Hospital ဆေးရုံတွင် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် Facility Quarantine အတွက် လိုအပ်ချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးရာ အစည်းအဝေး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။

ပူတာအိုမြို့နယ်အတွင်း မတ်(၂၈)ရက် နံနက်(၈)နာရီအထိ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာ‌သော ဒေသခံပြည်သူ(၆၉)ဦးအား မိမိနေအိမ်တွင် ကန့်သတ်စောင့်ကြည့်၍ ကျန်းမာရေးစစ်ဆေးပေးလျက်ရှိသည့်အနက် (၂၅)ဦးသည် စောင့်ကြည့်ကာလ ကျော်လွန်သည်အထိ ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ကျန်ရှိသူများအား ကျန်းမာရေးဌာန ဝန်ထမ်းများက နေ့စဉ်စောင့်ကြပ်ကြည့်ရှုကာ ကျန်းမာရေးစစ်ဆေးပေးမှုများ ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်ထံမှသိရသည်။

အဆိုပါ ပူတာအိုမြို့နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ အနေဖြင့် သံသယလူနာ (လူနာနှင့်ထိတွေ့ဆက်ဆံခဲ့‌သောသူများ)အား သီးခြားထားရှိပြီး ကျန်းမာရေး‌ စောင့်ရှောက်မှုများပြုလုပ်နိုင်ရန်အတွက် အထက(ပူတာအို) နှစ်ထပ်ကျောင်းဆောင်တွင် လည်းကောင်း၊ သံသယလူနာများ ရှိလာပါက သီးခြားထားရှိပြီး ရောဂါကူးစက် ပျံ့နှံ့မှုမရှိစေရေး ကုသပေးနိုင်ရန်အတွက် မူလာရှီးဒီ တိုက်နယ်ဆေးရုံတွင် လည်းကောင်း စီမံဆောင်ရွက်ထားကြောင်း သိရသည်။

 ဖုန်ကန်(ပူတာအို)