ညောင်ဦးမြို့နယ် သပြေကန်တဲတိုက်သို့ သောက်သုံးရေလှူဒါန်း

ညောင်ဦး မေ ၁၉ မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ သောက်သုံးရေရှားပါးလျက်ရှိသည့် တောင်ဇင်းအုပ်စု သပြေကန်တဲတိုက်သို့ ယနေ့နံနက် ၉ နာရီအချိန်က အလှူရှင်များကိုယ်စား အေးမေတ္တာရေ အလှူတော်အသင်းမှသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးလျက်ရှိရာ ရပ်ဝေးရပ်နီးမှ ရေအလှူရှင်များ၊ ညောင်ဦးမြို့ပေါ် ပရဟိတအဖွဲ့များ၊ သောက်သုံးရေ အလှူတော် အသင်းများမှ လှူဒါန်းသည့်ရေကို အားကိုးအသုံးပြုနေကြရသည့် တဲတိုက် ၈၈ တိုက်အထိ ရှိနေကြောင်း၊ စက်ရေတွင်း၊ အဝီစိတွင်းများအချို့တဲတိုက်များတွင်ရှိသော်လည်း ထုံးဓာတ်ပါဝင်နှုန်း များပြားခြင်းကြောင့် သောက်သုံးရန်မသင့်ဘဲ တိရစ္ဆာန်အတွက်သာ အသုံးပြုကြကြောင်း၊ ထမင်းဟင်းချက်မရဘဲ လှူဒါန်းသည့်မြစ်ရေကိုသာ အဓိကအားထားနေရပြီး ရေလှူဒါန်းသူများကို မျှော်နေရကြောင်းသိရသည်။ ယခုသောက်သုံးရေလှူဒါန်းသည့် တောင်ဇင်းအုပ်စု၊ သပြေကန်တဲတိုက်တွင် အိမ်ခြေ ၄၂ အိမ်ထောင်စု၊ လူဦးရေ ၁၈၀ဦးကျော်နေထိုင်ကြကာ နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီနှင့် နွေရာသီတွင် ရေရှားသည့်အတွက် ရေအလှူရှင်များလှူဒါန်းသည့်ရေဖြင့် သောက်သုံးရေဖြေရှင်းနေရသည့် တဲတိုက် ဖြစ်သည့်အတွက် ရေဂါလံ ၁၂၀၀ လှူဒါန်းခဲ့ကြောင်း၊ ပုဂံမြို့၊ မြင်းကပါကျေးရွာ သောက်သုံးရေလှူဒါန်းရေးအဖွဲ့မှ ဦးဝင်းမင်းထွန်း၏ ပြောကြားချက်အရသိရသည်။ ညောင်ဦးမြို့နယ် သောက်သုံးရေရှားပါးသည့် ကျေးရွာများ၊ တဲတိုက်များသို့ သောက်သုံးရေ လှူဒါန်းလိုပါက အေးမေတ္တာရေအလှူတော်အသင်းမှ ဦးဝင်းမင်းထွန်း ဖုန်းနံပါတ် ၀၉-၆၉၆၉၂၆၂၆၃ သို့ဆက်သွယ်၍ ကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဆက်သွယ်၍ဖြစ်စေ လှူဒါန်းနိုင်ကြောင်း လည်းသိရသည်။ ကိုထိန်(KPD)