ကြာအင်းဆိပ်ကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး မေ ၁၉ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံး က ယမန်နေ့နံနက်ပိုင်းမှ စတင်ပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့ မြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်လိုသူများအတွက် ပြုလုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုကျေးရွာများ၊ ဒေသခံကျေးလက်ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ သိရသည်။ မျိုးမင်းဦး (ပြန်/ဆက်)