မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်း

မင်းဘူး ဩဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဧရာဝတီမြစ်သည် ရေအမှတ် ၁၄၉၉ စင်တီမီတာအထိ ပြန်လည်ကျဆင်းသွားကြောင်း မြို့နယ် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

“မင်းဘူးမြို့မှာ ဧရာဝတီမြစ်ရေကို တစ်နေ့သုံးကြိမ်တိုင်းထွာလျက်ရှိပြီး ဩဂုတ်လ ၁ ရက်နေ့မှာ ရေအမှတ် ၁၆၀၉ စင်တီမီတာ၊ ၂ ရက်နေ့မှာ ၁၆၁၄ စင်တီမီတာ၊ ၃ ရက်နေ့မှာ ၁၆၀၉ စင်တီမီတာ၊  ၄ ရက်နေ့မှာ ၁၆၀၃ စင်တီမီတာ၊  ၅ ရက်နေ့မှာ ၁၅၈၇ စင်တီမီတာ၊ ၆ ရက်နေ့မှာ ၁၅၅၇ စင်တီမီတာနဲ့ ယနေ့ (၇) ရက်နေ့အထိမှာတော့ ၁၄၉၉ စင်တီမီတာ အသီးသီး တိုင်းထွာရရှိခဲ့ပါတယ်၊ ဩဂုတ်လ ၂ ရက်နေ့မှာတော့ ဧရာဝတီမြစ် ရေဟာ ယခုနှစ်ရဲ့ အမြင့်ဆုံးရေအမှတ်အဖြစ် ၁၆၁၄ စင်တီမီတာအထိ ရောက်ရှိခဲ့ပေမယ့် စိုးရိမ်ရေ အမှတ်ထိတော့ မရောက်ရှိခဲ့ပါဘူး၊ နောက် ၅ ရက်အတွင်း ယခုရောက်ရှိနေတဲ့ ရေအမှတ်ထက် ထပ်မံကျဆင်းသွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်”ဟု မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အုန်းက ပြောကြားသည်။

မင်းဘူးမြို့တွင် ဧရာဝတီမြစ်ရေ၏ သတ်မှတ်ထားသော စိုးရိမ်ရေအမှတ်သည် ၁၇၀၀ စင်တီမီတာ ဖြစ်ကြောင်း၊ ၊ မင်းဘူးမြို့၌ ဩဂုတ်လ ၂ ရက်နေ့တွင် ဧရာဝတီမြစ်ရေသည် အမြင့်ဆုံးရေအမှတ်အဖြစ် ၁၆၁၄ စင်တီမီတာအထိသာရောက်ရှိခဲ့ပြီး မြေနိမ့်ပိုင်း မြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးရွာများတွင် မြစ်ရေဝင်ရောက်ခဲ့ကြောင်း အဆိုပါဦးစီးဌာန တိုင်းထွာရေး စခန်းမှ သိရသည်။

မောင်မောင်(မင်းဘူး)