ပြင်ဦးလွင်မြို့ မဲဆန္ဒရှင်စာရင်းအချက်အလက်များ သွားရောက်ကြည့်ရှုရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ပြင်ဦးလွင် ဩဂုတ်၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ (၂၅) ရက်နေ့မှ စတင်ကပ်ထားကြေညာရာ အိမ်ထောင်စုတစ်စုလျှင် အနည်းဆုံးတစ်ဦး မပျက်မကွက်လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် နှိုးဆော်ခြင်းကိုနေ့စဉ် ည‌နေ (၆) နာရီအချိန်မှစ၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များမှ ဦးဆောင်၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများမှ ရပ်ကွက်၊ ကျေးရွာအလိုက် အသံချဲ့စက်ဖြင့် သက်ဆိုင်ရာရပ်ကွက်အလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများလာရောက်ကြည့်ရှုရန် နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ပထမအကြိမ် အခြေခံမဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ (၂၅) ရက်မှ သြဂုတ်လ (၇) ရက်အထိ၊ (၁၄) ရက်ကြာ ကပ်ထား‌လျက်ရှိရာ ယခုအခါ ဩဂုတ်လ ၁၄ ရက်နေ့အထိ (၇) ရက်ထပ်မံတိုးမြှင့်လိုက်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းတောင်းဆိုရန်၊ မပါဝင်သင့်သူ များ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းရန်တို့ကို ဆောင်ရွက်ရန် လိုအပ်သောပုံစံများကို ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြိုတင်ထုတ်ပေးထားပြီးဖြစ်ရာ အခမဲ့ထုတ်ယူ၍ လျှောက်ထားနိုင်ကြောင်း၊ မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားပြီဖြစ်၍ (၁၈) နှစ်ပြည့်ပြီး မိမိအမည်ပါဝင်ခြင်း ရှိ/မရှိ၊ အချက်အလက်များ မှားယွင်းနေမှု ရှိ/မရှိ သိရှိနိုင်ရန် မဲစာရင်းကပ်ထားသည့်နေရာအား လာရောက်ကြည့်ရှုစေရန်နှင့် ပြင်ဆင်ရန် တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများသို့ သတင်းပေးအကြောင်းကြား‌စေရန်၊ လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

မြတ်ဆုမွန်