ဆင်ပေါင်ဝဲ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေး လိုင်စင်များ တတိယအကြိမ် ဈေးပြိုင်စနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀) နာရီက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် လေလံရောင်းချရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးစောသိန်းဦးက လေလံစည်းကမ်းချက်များအား ပြောကြား ပြီး ဒေသခံပြည်သူလုပ်ငန်းရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချရေးအဖွဲ့၊ လေလံကြီးကြပ်မှုအဖွဲ့တို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် လုပ်ငန်းအမျိုးအစား (၅၅) ခုတို့အား ငွေကျပ် (၉၄.၃၉၅) သန်း လျာထားခဲ့ပြီး ပထမအကြိမ်လေလံရောင်းချပွဲတွင် သက်တမ်းတိုးလိုင်စင် (၁၆)ခု၊ ဈေးပြိုင်လေလံ(၃)တို့မှ ငွေကျပ် (၄၁.၈၆၅) သန်း ရောင်းချရပြီး ယခုတတိယအကြိမ်တွင် ဈေးပြိုင်လေလံ (၁) ခုအား ငွေကျပ် (၂၁၈၀၀၀၀/-)ဖြင့်ရောင်းချရ၍ လေလံရောင်းချရငွေ စုစုပေါင်းငွေကျပ် (၄၄.၀၄၅) သန်းရရှိကြောင်း မြို့နယ်စည်ပင်အမှုဆောင်အရာရှိ ဦးစောသိန်းဦးထံမှ သိရသည်။
အိဖြူဖြူမောင်(ပြန်/ဆက်)