လားရှိုး မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (NSSCCI)မှ လားရှိုးမြို့နယ်အတွင်း Coronavirus Disease 2019 (COVID-19) အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုရောဂါ ကာကွယ်ခြင်း၊ ပြန့်ပွားမှုကို ထိန်းချုပ်ခြင်း၊ ကုသခြင်းအစရှိသည့် အဓိကလုပ်ငန်းများ အခက်အခဲမရှိ လုပ်ဆောင်နိုင်ရန်အတွက် ရည်ရွယ်ကာ ဒေသတွင်း လုပ်ငန်းများစဉ်ဆက်မပြတ် လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းရှင်များအား ကုန်စျေးနှုန်း တည်ငြိမ်ရေးနှင့် ရောဂါကာကွယ်ရေးသုံးပစ္စည်းများနှင့် အလှူငွေများ ထောက်ပံ့ရေး အစရှိသည့် လုပ်ငန်းစဉ်များချမှတ်ခြင်း စတင်အကောင်အထည်ဖော်လုပ်ဆောင်နိုင်ရေး အစည်းအဝေးကို NSSCCI အသင်းကြီး၏ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် (၁)နာရီမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လားရှိုးမြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပါဝင်သည့် အဆိုပါအခမ်းအနားတွင် ရှမ်းမြောက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များဥက္ကဋ္ဌ သီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းဘိုဘိုက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဂယက်ကြောင့် ဒေသတွင်းလုပ်ငန်းများ ရပ်တန့်မှုများမဖြစ်ပေါ်စေရေး၊ ကုန်စျေးနှုန်း တည်ငြိမ်ရေး၊ ရောဂါကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများ ပေးအပ်ထောက်ပံ့ရေး အစီအစဉ်များကို အပိုင်း(၂)ပိုင်းခွဲ၍ ရှင်းလင်းပြောကြားသည်။
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ၏ ဂယက်ကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေခံစားသောက်ကုန်များ စျေးနှုန်းတည်ငြိမ်ရေးနှင့် ပုံမှန်ရောင်းဝယ်မှုရှိစေရေး အစီအမံများအား လားရှိုးမြို့မစျေးကော်မတီ ဥက္ကဋ္ဌမှလည်းကောင်း၊ တက်ရောက်လာကြသော ပုဂ္ဂိုလ်များမှ အကြံပေးဆွေးနွေးခြင်းနှင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် လိုအပ်သော ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Face Mask များ၊ လက်သန့်ဆေးရည်ဘူး (Hand Gel )များ၊ PPE ဝတ်စုံများ၊ သာမိုမီတာအဖျားတိုင်းစက်များ၊ ဆန်အိတ်များနှင့် ရေသန့်ဘူးများအား အသီးသီးလှူဒါန်းခဲ့ကြ သည်။
ယနေ့ပြုလုပ်သော ကိုရိုနာဗိုင်းရပ်(စ်) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များအတွက် ရောဂါကာကွယ်ရေးသုံး ပစ္စည်းများ၊ PPE ဝတ်စုံများနှင့် အလှူငွေလှူဒါန်းမှုမှာ ကျပ်သိန်းပေါင်း(၁၉၄)သိန်းရှိကြောင်း သိရှိရသည်။
ဟန်ဌေး(လားရှိုး)