ဘားအံ မေ ၂၄
ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)မှ ကရင်ပြည်နယ်အတွင်းရှိ ဆရာတော်ကြီးများအား ဘွဲတံဆိပ်တော် ဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်၊ နယ်မြေခံတပ်ရင်းမှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးနေလင်းထွန်း၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA) ဗဟိုဥက္ကဋ္ဌ ဦးရဲထွန်း၊ တွဲဖက်ဥက္ကဋ္ဌ ဦးစိန်သန်း၊ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဒါယကာဒါယိကာမများ တက်ရောက်ကြည်ညို၍ ဘွဲ့တံဆိပ်တော်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဇွဲကပင်တောင် လုမ္ဗနီဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ (ဓမ္မကထိကဗဟုဇနဟိတဓရ)ထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်၊ သံဃာတော်များထံမှ အန္တရာယ်ကင်းပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ထို့နောက် ဇွဲကပင်တောင် လုမ္ဗနီဥယျာဉ်ကျောင်းဆရာတော် ဘဒ္ဒန္တကဝိဓဇ (ဓမ္မကထိကဗဟုဇနဟိတဓရ)က ဩဝါဒကထာ မြွတ်ကြားတော်မူပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟို (YMBA) တွဲဘက်ဥက္ကဋ္ဌ ဦးစိန်သန်းက ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းလျှောက်ထားသည်။
ယင်းနောက် ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နာယက ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟို (YMBA) ဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ကရင်ပြည်နယ်နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးဥက္ကဋ္ဌ ဗိုလ်မှူးကြီးစောထွန်းလှိုင်တို့က ပြည်နယ်အတွင်းရှိ ဆရာတော်ကြီး(၅)ပါးအား မဟာမင်္ဂလဓမ္မ ဇောတိကဓဇဘွဲတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဗုဒ္ဓဘာသာကလျာဏယုဝအသင်းဗဟို (YMBA)ဥက္ကဋ္ဌက ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA)ဥက္ကဋ္ဌ ဦးဇော်ဝင်းအား မင်္ဂလဓမ္မ ဇောတိကဓဇဘွဲ့ကို (၂၁၀)မြောက်ဘွဲ့ရရှိသောလူပုဂ္ဂိုလ်အဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ နာယက ဦးစောမြင့်ဦးက လက်ခံရယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်းနှင့် အခမ်းအနားအပြီးတွင် ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)