လင်းခေးမြို့နယ်ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကိုဗစ်−၁၉ စည်းကမ်းချက်နှင့်အညီ ကျောင်းအပ်နှံမှု စတင်လက်ခံ

လင်းခေး     မေ၂၄

 ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နယ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်သွားနိုင်ရေး အခြေခံပညာမူလတန်းမှအထက်တန်းအထိ ကျောင်းသားကျောင်းသူများ ကျောင်းအပ်နှံခြင်းကို မြို့နယ်အတွင်းရှိကျောင်းအသီးသီးမှ ယနေ့ နံနက် ၉နာရီက စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းစတင်အပ်နှံ၊ လက်ခံရာတွင်မူလတန်း၊ အလယ်တန်းနှင့် ထက်တန်းကျောင်း သားကျောင်းသားများ တစ်ဦးချင်းစီအတွက် အခြေခံပညာဦးစီးဌာနမှ ကျောင်းသုံးပုံနှိပ် ဖတ်စာအုပ်များ၊စာရေးကိရိယာဘောပင်၂ချောင်း၊ ခဲတံ၂ချောင်း၊နှာခေါင်းစီး(Mask)၂ခုစီနှင့် မျက်နှာကာ (Face Cheil) ၂ခုစီအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

“ကျွန်မတို့ အခုလိုကျောင်းသားကျောင်းသူတွေကို စတင်လာရောက်ကျောင်းအပ်နှံတဲ့အခါမှာ ကျောင်းသုံးပုံနှိပ်စာအုပ်တွေ၊ စာရေးကိရိယာတွေအပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ရေး နှာခေါင်းကာ၊မျက်နှာကာတွေကိုလည်း ကျွန်မတို့အစိုးရ နဲ့ပညာရေးဌာနက ကလေးတစ်ဦး ချင်းစီကိုအတန်းအလိုက်( အခမဲ့)ဖြန့်ဝေပေးလျက်ရှိပါတယ်”ဟု ကျောင်းအပ်နှံရေးလက်ခံသူ ဆရာမတစ်ဦးက ပြောကြားခဲ့ပါသည်။

ထို့အပြင် ယခုနှစ်ကျောင်းအပ်နှံမှုအစီအစဥ်တွင် ကျောင်းသားကျောင်းသူများထံမှ အခြား မည်သည့်ငွေကြေးကောက်ခံခြင်းများ မပြုလုပ်ပါကြောင်း မြို့နယ်ပညာရေးမှူးရုံး၏ ကျောင်းအပ်နှံရေးစည်းကမ်းချက်များ ကြော်ငြာကပ်ထားပေးချက်အရ သိရသည်။ ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံပေးခြင်းကို လာမည့် မေလ ၃၁ ရက်နေ့ အထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း လင်းခေးအခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး၏ပြောကြားချက်အရ သိရသည်။

စိုင်းဇော်လတ်(လင်းခေး)