ကျိုင်းတုံ မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်စည်ပင် သာယာရေးဝန်ကြီး၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ယမန်နေ့က နောင်နွန်းပူးပေါင်းဂိတ်၊ ကျိုင်းတုံမြို့မစျေးနှင့် ယန်းခမ်းစျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကြီးကြပ်လမ်းညွှန်ပြီး ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်း များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများက ကျိုင်းတုံမြို့မစျေးကြီးတွင် စျေးရောင်းချသူများ၊ စျေးဝယ်ယူသူများ ကိုရိုနာဗိုင်းရပ်စ် ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆိုင်ခန်းများ ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေး များကို စုပေါင်းဆောင်ရွက်ကြသည်။
ထို့အပြင် ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး၊ ခရိုင် အုပ်ချုပ်ရေးမှူးတို့ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက နေ့စဉ် ဝင်ရောက်လာသည့် ခရီးသွားလာသူများအား ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ဆောင်ရန်၊ ရှောင်ရန်နည်းစနစ်များ ပြောကြားခြင်းများကို မိုင်းဇင်းကျေးရွာအုပ်စု၊ နောင်နွန်း ပူးပေါင်းဂိတ်တွင် ဆောင်ရွက်ကြသည်။
ထို့အတူ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး Hand Speaker/ Loud Speaker အသုံးပြု၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ရောဂါကာကွယ်ရန် လိုက်နာရမည့် ကျန်းမာရေးအသိပညာပေးအချက်များ ပြောကြားခြင်းကို ကျိုင်းတုံမြို့မစျေးနှင့် ယန်းခန်းစျေးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)