တောင်ငူ၌ မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုအား မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ကွင်းဆင်း ကြည့်ရှု

တောင်ငူ သြဂုတ် ၇

တောင်ငူမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် များက ယမန်နေ့က ရပ်ကွက်နှင့် ကျေးရွာ များသို့ သွားရောက်၍    မဲဆန္ဒရှင်များ၏ အမည်စာရင်း ကြေညာ ထားရှိမှုကို ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင်တာဝန်ရှိသူများသည်  တောင်ငူမြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများရှိ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲ ရုံးများ၌ မဲဆန္ဒရှင်များ၏စာရင်းများ ကပ်ထားကြေညာရာတွင် စနစ်တကျ ရှိစေရေး၊ ပထမ အကြိမ် မဲဆန္ဒရှင်စာရင်း များကို ဩဂုတ်လ(၁၅) ရက်နေ့အထိ တိုးမြှင့်ကြေညာထားမည် ဖြစ်ရာ ထိုကာလ အတွင်း မဲဆန္ဒရှင်စာရင်း၌ မိမိအမည်မပါရှိလျှင် ပုံစံ(၃)ဖြင့် တောင်းယူ ဖြည့်စွက်ရန်၊  မဲစာရင်း၌ မပါဝင်သင့် သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့်  တောင်းယူဖြည့်စွက် ကန့်ကွက်ရန်၊  မဲစာရင်း၌ ပါနေသည့် အချက်အလက်များကို ပြင်ဆင်လိုလျှင် ပုံစံ  (၄-ဂ)  ဖြင့် တောင်းယူ ဖြည့်စွက်ပြင်ဆင် ရန်တို့ကို ပြည်သူ များအား အသိပေးဆွေးနွေးခြင်း၊ ပြန်လည်ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ ခွဲ အနေဖြင့် သတ်မှတ်ထားသော ပုံစံများဖြင့် စနစ်တကျ ဆောင်ရွက်ရန် တို့ကို  ပြောကြား ခဲ့သည်။

တောင်ငူမြို့နယ်တွင်  ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း (၁၉၂)ရုံ ထားရှိ​ပြီး သြဂုတ်လ ၆ ရက်နေ့အထိ စာရင်းအရ ပုံစံ (၃) တောင်းဆိုသူ ဦးရေ (၁၆၉၄)ဦး ၊ ပုံစံ(၃-က) တောင်းဆိုသူ ဦး ရေ (၂၄) ဦး ၊ ပုံစံ (၄-ဂ) ပြင်ဆင်သူ ဦး ရေ (၁၀၉၈) ဦး ၊ ပုံစံ (၄) ကန့်ကွက်လွှာအတွက် ဦးရေ (၇၄၆) ဦး အထိ ရှိကြောင်း၊ ပထမဆုံးအကြိမ်မဲပေးရမည့် ဦးရေ  ၂၂၃၇၂ ဦးရှိကြောင်း တောင်ငူမြို့နယ်အနေဖြင့် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူပေါင်း လျာထားစာရင်းအရ ဦးရေ (၁၉၂၂၉၅ ) အထိ ရှိကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)