ရခိုင်ပြည်နယ် မောင်တောမြို့၌ ဒေသခံပြည်သူများ စည်းကားသိုက်မြိုက်စွာ ကဆုန်ညောင်ရေသွန်းလောင်း

 
မောင်တော မေ ၂၆
ရခိုင်ပြည်နယ် မောင်တောခရိုင် မောင်တောမြို့ အမှတ်(၄)မြို့မအရှေ့ရပ်ကွက် ဗဟိုဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ ယမန်နေ့ ညနေ (၅) နာရီအချိန်ခန့်က ဒေသခံပြည်သူများ ဦးဆောင်ကာ ဗုဒ္ဓဘာသာဝင်များအထွက် အမြတ်ထားရာ ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ညောင်ရေသွန်းလောင်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
“ကျွန်တော်တို့ ငယ်ငယ်တုန်းက အခုလို ကဆုန်လပြည့်နေမှာ ညောင်ရေသွန်းလောင်းရင်း အမျိုးသား၊ အမျိုးသမီး ယောဂီဝတ်စုံတွေနဲ့ မဟုတ်ဘူးဗျာ သူ့ထောင့် သူ့အရောင်နဲ့သူ ဝတ်လာရတာ၊ ကျွန်တော် တို့တုန်းက အရှေ့ဘက်ထောင့်ဆိုရင် ဗြဟ္မာ၊ မြောက်ဘက်ဆိုရင် ဂဠန်၊ တောင်ဘက်ဆိုရင် နတ်၊ အနောက်ဘက်ထောင့်ကို နဂါး သူ့အရောင်နဲ့သူ အမျိုးသမီး၊ အမျိုးသား ဝတ်ဆင်လာရတာ ပျော်စရာပါ၊ ခုချိန်ထိ အခုလို ကဆုန်ညောင်ရေသွန်းပွဲမျိုးနဲ့ကြုံတိုင်း အလုပ်နားပြီး ခလေးတွေကို လာအားပေး တယ်။ ကျွန်တော်တို့တုန်းက ဒီထက်ပိုစည်းကားပြီး ပိုပျော်ဖို့ကောင်းတယ်” ဟု မောင်တောမြို့ မြို့မ အရှေ့ရပ်ကွက်နေသူတစ်ဦးမှ ပြောကြားသည်။ ကဆုန်လပြည့်နေ့တွင် မောင်တောမြို့၌ အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များဖြစ်သည့် မြို့မအရှေ့၊ ညောင်ပင်လှ၊ စံပြ၊ ရွာသစ်၊ ရှိတ္တာရွာ၊ ဝိမလစသည့် အနီးဝန်းကျင် ရပ်ကွက်/ကျေးရွာများမှ အမျိုးသား၊ အမျိုးသမီးငယ်များက တူညီယောဂီဝတ်စုံများဖြင့် ညောင်ရေခွက်လေးများကို ကိုင်ကာ ကိုယ်စီ ကိုယ်စီဖြင့် လာရောက်သွန်းလောင်းကြသည်။
ကဆုန်ညောင်ရေသွန်းလောင်းဖွင့်ပွဲတွင် ကျောင်းထိုင်ဆရာတော်နှင့်တကွ နမောတဿ သုံးကြိမ်ရွက် ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ဗဟိုလ်ကျောင်းဆရာတော်ကြီး သာသနာ့ဓဇဓမ္မာစရိယ ဘွဲ့တံဆိပ် တော်ရ ဘဒ္ဒန္တသောမက ငါးပါးသီလချီးမြှင့်ကာ ကဆုန်ညောင်ရေသွန်းလောင်းခြင်းနှင့် ပတ်သတ်၍ ဩဝါဒကထာ မိန့်ကြားသည်။
ထို့နောက် အရှေ့၊ တောင်၊ အနောက်၊မြောက်အရပ်တို့မှ နတ်မင်းကြီးပြန်တမ်း ဖတ်ကြားခဲ့သည်။ ယင်း နောက် ဗြဟ္မာအမျိုးသား၊ နတ်အမျိုးသား၊ နဂါးအမျိုးသား၊ ဂဠန်အမျိုးသားတို့က ဇယော်ဟိဗုဒ္ဓဿ သီရိမတောအယံ ဂါထာကို သုံးကြိမ်ရွက်ဆို ပူဇော်ခဲ့ပြီး အမျိုးသမီးငယ်များ အဖွဲ့ကလည်း ယင်းသို့ဖြင့် သုံးကြိမ်ရွက်ဆိုကာ ကဆုန်ညောင်ရေသွန်းလောင်းပွဲကြီးကို စည်းကားသိုက်မြိုက်စွာကျင်းပခဲ့သည်။ အဆိုပါ မောင်တောမြို့ ကဆုန် ညောင်ရေသွန်းလောင်းပွဲတွင် ညောင်ရေသွန်းလောင်းသည့် ဒေသခံ အမျိုးသား၊ အမျိုးသမီးတို့အား အလှူရှင်များက အချိုရည်များဖြင့် ဒါနပြုတိုက်ကျွေးခဲ့ပြီး အလားတူ မြို့ဦးကျောင်းတိုက်တွင်လည်း ထိုကဲ့သို့ သည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။
သက်လွင်စိုး