မကွေး မေ ၂၆
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာ မပျက် ကျင်းပ ခဲ့ကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ ကြီးမှူး၍ ယမန်နေ့ ညနေ ၅ နာရီအချိန်က မကွေးမြို့ မြသလွန်ရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ခဲ့ကြသည်။
ညောင်ရေသွန်းပွဲတော် အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ တိုင်းခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ်ရပ်ကွက်များမှ ဝတ်အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများနှင့် မြသလွန်စေတီတော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်၍ ဒုက္ခပတ္တာစနိဒ္ဒုက္ခာ ဂါထာတော်ကို(၃)ခေါက်ရွတ်ဆို မေတ္တာပို့သပြီး မဟာဗောဓိညောင်ပင်အား ညောင်ရေတော်များ သွန်းလောင်းပူဇော်ခြင်း၊ အမျိုးသမီးယောဂီများက ကိုယ်စိတ်နှစ်ဝ ချမ်းသာကြစေ အစရှိသည့် ဂါထာ(၃)ခေါက် ရွတ်ဆို၍လည်းကောင်း၊ ကိုယ်စောင့်နတ်၊ ဗောဓိပင်စောင့်နတ်၊ အရပ်လေး မျက်နှာ၊ ရှစ်မျက်နှာ၊ ဆယ်မျက်နှာ၊ ဇာတိခေတ် စကြာဝဠာ တစ်သောင်းအစရှိသည်တို့ကို ရွတ်ဆို မေတ္တာပို့သကာ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။
ထို့ပြင် မကွေးမြို့ပေါ်ရှိ မြို့ဦးစေတီ ၊ကန်သာရပ်ကွက် အေးစေတီဘုရား၊ ရန်အောင်မြေစေတီတော်၊ ကံ့ကော်တစ်ထောင်ဘုရားနှင့် ရပ်ကွက်အတွင်းရှိ မဟာဗောဓိညောင်ပင်တို့တွင် ဒေသခံပြည်သူများ အေးချမ်းစွာသွားရောက်၍ ညောင်ရေသွန်းလောင်းပူဇော်ခြင်း၊ မဟာဗောဓိပင် ရှိခိုးပူဇော်ခြင်း၊ ပတျာဝတ္တဂါထာကို ရွတ်ဆို၍ မဟာဗောဓိပင်ကို ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်းတို့ ပြုလုပ်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မောင်ညီညာ