ကျိုင်းတုံ မေ ၂၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံမြို့၊ အမှတ်(၄)ရပ်ကွက်၊ စွမ်တောင်းရပ်ရှိ စွမ်တောင်း(ခ) စွမ်ခမ်းစေတီတော်၌ ရိုးရာအစဉ်အလာများနှင့်အညီ နှစ်စဉ်ကျင်းပပြုလုပ်သည့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းပွဲကို ယနေ့ နံနက် ၈ နာရီခန့်က စတင်လောင်းလှူခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တခေမာစာရ အမှူးပြုသော ဆရာတော် သံဃာတော်များ၊ ရှင်သာမဏေများ၊ သာသနာ့နွယ်ဝင် သီလရှင်များ စုစုပေါင်း(၂၃၀)ပါး တို့အား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူ စုစုပေါင်း ၂၀၀ ဦးခန့်တို့က ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူခဲ့ကြသည်။
ယင်းနောက် ဆရာတော် ဘဒ္ဒန္တခေမာစာရထံမှ တိုင်းမှူးနှင့် တက်ရောက်လာသူများက သာဓု အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်