ဆီဆိုင် မေ ၂၆
ဒေသခံတိုင်းရင်းသားပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ နောင်အယ်(မြောက်)၊ လီမွန်၊ တံတားဦး၊ လိုက်တနျား၊ နမ့်ဟူးကျေးရွာနှင့် ဖာလိုင်(ရှေ့)ကျေးရွာ တို့တွင် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ သိရသည်။
နောင်အယ်(မြောက်)ကျေးရွာတွင် သောက်သုံးရေရရှိရေးအတွက် လေးလက်မ PVC ပေ ၃၀၀ စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းနှင့် အင်ဂျင်/ရေမြုပ်ပန့် တပ်ဆင်ခြင်း၊ ဂါလန်(၃၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် ရေစက်ရုံတစ်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ လီမွန်ကျေးရွာတွင် လေးလက်မ PVC ပေ ၂၀၀ စက်ရေတွင်း (တွင်းတိမ်)တူးဖော်ခြင်း၊ ဂါလန် (၂၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် ရေစက်ရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ တံတားဦးကျေးရွာတွင် လေးလက်မ PVC ပေ ၂၀၀ စက်ရေတွင်း (တွင်းတိမ်)တူးဖော်ခြင်းနှင့် အင်ဂျင်/လေမှုတ်စက် တပ်ဆင်ခြင်း၊ ဂါလန်(၂၀၀၀)ဆံ့ ရေစုကန်တစ်ကန်နှင့် ရေစက်ရုံတစ်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ လိုက်တနျားကျေးရွာတွင် ဂါလန်(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းလုပ်ငန်း၊ နမ့်ဟူးကျေးရွာတွင် အရှည် ၄ ဖာလုံရှိသော စိမ့်စမ်း(အမြှင့်တင်) ရေပိုက်လိုင်းသွယ်တန်းခြင်း၊ ဂါလန်(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေစက်ရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်း၊ ဖာလိုင်(ရှေ့)ကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်း လုပ်ငန်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု/ပြည်နယ် ခွင့်ပြုရန်ပုံငွေ ကျပ်(၄၆.၅၆)သန်းဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းအားလုံး(၈၄)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
အဆိုပါ ကျေးရွာငါးရွာတွင် သောက်သုံးရေရရှိရေး စိမ့်စမ်းရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်းများ၊ ရေစုကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၄၁၀)ခန့်မှ လူဦးရေ(၁၉၂၀)ဦးခန့်တို့အတွက် ရာသီမရွေးသောက်သုံးရေရရှိရေး အကျိုးပြုမည် ဖြစ်ကြောင်း မြို့နယ်ဦးစီးဌာနမှူး ဦးအောင်နိုင်ဝင်း ထံမှ သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)