မိတ္ထီလာ မေ ၂၆
မိတ္ထီလာတွင် ဒေသခံတောင်သူများအား ၂ဝ၂၁ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယနေ့တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး မိတ္ထီလာခရိုင်ဘဏ်ခွဲတွင် စတင်ထုတ်ချေးပေးကြောင်း ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင် ထံက သိရသည်။
‘‘မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၆ အုပ်စုက ဒေသခံတောင်သူ ၁ဝ၃ဝဝ ဦးခန့်ကို မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း ၆၅ဝဝဝ လျာထားထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ဒီနေ့ သီးကုန်း ကျေးရွာက ဒေသခံတောင်သူ ၄၁ ဦးရဲ့ စပါး ၇၅ ဧက၊ နှမ်း ၆၈ ဧက အတွက် စတင်ထုတ်ချေး ပေးတာဖြစ်ပါတယ်။ လယ်သီးနှံ တစ်ဧက တစ်သိန်းငါးသောင်းကျပ်၊ ယာသီးနှံ တစ်ဧက တစ်သိန်းကျပ်နှုန်း နဲ့ထုတ်ချေးပေးတာဖြစ်ပါတယ်ဟု’’ ခရိုင်ဘဏ်ခွဲမန်နေဂျာ ဒေါ်ခင်ဆွေမျိုးတင် က ပြောသည်။
မိတ္ထီလာမြို့နယ်တွင်း ၂ဝ၂ဝခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများနှင့် အချိန်စေ့ကြွေးကျန်ကျေပြီးသည့် တောင်သူများကိုသာ ယခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်များ ထုတ်ချေးခြင်းဖြစ်သည်။
ယခုနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မေလ ၂၆ ရက်နေ့မှ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ထုတ်ချေး ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ