ပုဏ္ဏားကျွန်း မေ ၂၆ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ ၂၀၂၀ ပြည့်နှစ်တွင် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှကြီးမှူးကျင်းပသော အစိုးရ သာသနဓဇ ဓမ္မစရိယဘွဲ့တံဆိပ်တော်ရ သံဃာတော် (၈) ပါးအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ်(၁)နာရီက ပုဏ္ဏားကျွန်းမြို့၊ မြို့မပရိယတ္တိကျောင်းတိုက်၏ သုခါဝါသကျောင်းတော်ကြီး မြေညီထပ်၌ ကျင်းပသည်။ အခမ်းအနားတွင် ဒါယကာ၊ ဒါယိကာမတို့က မြို့မပရိယတ္တိကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်ကြီးထံမှ ငါးပါးပါးသီလကို ခံယူကြပြီး၊ သံဃာတော်များက မေတ္တာသုတ် ပရိတ် တရားတော်ကို ရွတ်ပွားသရေဇ္ဈာယ်ကြသည်။ ထိုနောက် ပထမ ဂုဏထုတိ ထောမနာဂါ ထာတော်ကို ဓမ္မမဏ္ဍိုင်ကျောင်းထိုင်ဆရာတော်ကြီးမှလည်းကောင်း၊ ဒုတိယဂုဏထုတိ ထောမနာ ဂါထာတော်ကို အလယ်ကျွန်း ဆရာတော်မှ လည်းကောင်းရွတ်ဖတ် ပူဇော်ပေး ကြသည်။ ဆက်လက်၍ သာသနဓဇဓမ္မစရိယဘွဲတံဆိပ်တော်ရ သံဃာတော်(၈)ပါးတို့အား ကျောင်းတိုက် ၏ သာသနာအကျိုးဆောင် ဒါယကာတို့က ဓမ္မစရိယဘွဲ့တံဆိပ်တော်နှင့် ဂုဏ်ပြုဆုတံဆိပ် များကို ထပ်ဆင့်ပူဇော်ပေးကြသည်။ ထိုနောက် မြို့မပရိယတ္တိကျောင်းတိုက်မှ ပဓာဏ နာယက ဘဒ္ဒန္တပဏ္ဍိတ ဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုတို့၏ အနုမောဒနာတရားတော်ကို နာယူပြီး ရေစက်သွန်ချအမျှပေးဝေကာ ဗုဒ္ဓသာသနံ စီရံတိဌာတု သုံးကြိမ်ရွတ်ဆို ဆုတောင်း ခဲ့ကြကြောင်း သိရသည်။ နီထွန်းအောင်