လက်ပံတန်း​မြို့နယ်တွင် ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းများ နေ့စဉ်ဆောင်ရွက်ပေး

လက်ပံတန်း  မေ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ကို ကိုဗစ်-၁၉ရောဂါ စတင်ဖြစ်ပွားစဉ်ကာလမှစ၍ ခေတ္တယာယီ ပိတ်ထားခဲ့ရာ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်(၁၉) စည်းကမ်းချက်များနှင့်အညီ ယခုနှစ် ဧပြီ ၂၉ရက်နေ့မှ စတင် ပြန်လည်ဖွင့်လှစ်ကာ  ပြည်သူ့စာကြည့်တိုက်၏ စာငှား၊ စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများကို အပတ်စဉ်ရုံးဖွင့်ရက်များအတွင်း နေ့စဉ် နံနက် ၉နာရီခွဲမှ ညနေ ၄နာရီခွဲအချိန်အထိ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့စာကြည့်တိုက်တွင် နိုင်ငံတော်ပြန်တမ်းများ၊ နေ့စဉ်ထုတ်သတင်းစာများ၊ အပတ်စဉ်ထုတ် ဂျာနယ်/ စာစောင်များ၊ လစဉ်ထုတ်မဂ္ဂဇင်းများ၊ ရုပ်ပြ/ကာတွန်းများနှင့် ဝတ္ထုစာအုပ်များ အပါအဝင် သုတ/ရသစာအုပ်များကိုပါ အများပြည်သူအလွယ်တကူ စာပေဖတ်ရှုလေ့လာနိုင်ရေးအတွက် စာငှား/စာဖတ် ဝန်ဆောင်မှု လုပ်ငန်းများအပြင် ကလေးစာဖတ်ခန်း ဝန်​ဆောင်မှုလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့် ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသ စာအုပ်စာပေများကို  မည်သူမဆို (အခမဲ့) လာရောက် ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)