မြောက်ဦးမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ၂၄ နာရီအသင့် အနေအထား ဆောင်ရွက်ထားရှိ

 
မြောက်ဦး မေ ၂၆
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊မြောက်ဦးမြို့၌ မိုးတွင်းရာသီသို့ရောက်ရှိလာပြီဖြစ်၍ မြို့နယ် အတွင်းရှိ ပြည်သူများ၏ အသက်၊ အိုးအိမ်စည်းစိမ်များ သေကြေပျက်စီးဆုံးရှုံးမှု မရှိစေရေး အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ် ဦးစီးဌာန အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလအတွင်းမှစတင်ကာ ၂၄ နာရီအချိန်ပြည့် လူအပြည့်၊ ယာဉ်၊ ဆီနှင့် ရှာဖွေ ကယ်ဆယ်ရေးပစ္စည်းများအား အသင့်အနေအထားဆောင်ရွက်ထားရှိနိုင်ရန်အတွက် မြို့နယ်မီးသတ်စခန်းရုံးရှေ့ကွင်းပြင်၌ ယမန်နေ့ နံနက် ၈ နာရီက ကြိုတင်ပြင်ဆင်ဇာတ်တိုက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ထိုသို့စီစဉ်ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား မိုးရာသီတွင် ဖြစ်ပေါ်လေ့ရှိသော ရေကြီး၊ ရေလျှံမှုများ၊ မုန်တိုင်းအန္တရာယ်ဖြစ်ပေါ်မှုများ၊ ငလျင်ဒဏ် ကြောင့်ဖြစ်ပေါ်တတ်သော မြေပြိုမှုများဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ် ကာကွယ်နိုင်ရေး နှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်နိုင် ရန်နှင့် ရှာဖွေကယ် ဆယ်ရေးပစ္စည်းများအား ကျွမ်းကျင်စွာ ကိုင်တွယ် အသုံးပြု တတ်စေရန် အတွက် မိမိတို့၏ရှာဖွေ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးစန်းလွင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်စခန်းမှ တပ်ကြပ်ကြီး သူရိန်ထွန်းဦးဆောင်၍ ရှာဖွေ ကယ်ဆယ်ရေးပစ္စည်း(၅)မျိုးဖြင့် အပတ်စဉ်လက်တွေ့လေ့ကျင့်ပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။
ခင်မောင်ထွန်း