ကွတ်ခိုင်မြို့နယ်တွင် မဟာဘွဲ့နှင်းသဘင်ပူဇော်ပွဲ အခမ်းအနားကျင်းပ

ကွတ်ခိုင်  မေ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း၌ သီတင်းသုံးနေထိုင်တော်မူကြသော သံဃာတော်(၃)ပါးအား နိုင်ငံတော်အစိုးရမှ (၂၀၂၀)ပြည့်နှစ် ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုအောင်တော်မူပြီး နိုင်ငံတော်အစိုးရမှ ပေးပို့ဆက်ကပ်သော သာသနဓဇဓမ္မာစရိယ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များအား ဆက်ကပ်လှူဒါန်းခြင်းကို အမှတ်(၈)ရပ်ကွက် တောင်တန်းဒေသ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း(ဗဟို)တောင်တန်း‌ကျောင်း၌  မေလ (၂၄) ရက်နေ့ နံနက် ၉  နာရီ ၃၀ မိနစ် အချိန်က ပူဇော်ပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကြွရောက်လာကြသည့် ဆရာတော် သံဃာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ တောင်တန်းဒေသ ထေရဝါဒကျောင်းတိုက် ဆရာတော် (သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုနန္ဒ မထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ရှစ်ပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော် သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်‌သာသနာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရပ်မိရပ်ဖများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ လှူဒါန်းပြီး ဘွဲ့တံဆိပ်တော်ရ သံဃာတော်(၃)ပါးတို့အား  ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ခဲ့ကြသည်။

ထို့နောက် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ တောင်တန်းဒေသ ထေရဝါဒကျောင်းတိုက် ဆရာတော် (သဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသုနန္ဒ မထေရ်မြတ်ထံမှ အနုမောဒနာတရား နာယူကြ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ် ရွတ်ဆို ဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

 

ဌေးဌေး(ပြန်/ဆက်)