ရန်ကုန် မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေး၊ လျှပ်စစ်ဓာတ်အားစနစ် ပိုမိုကောင်းမွန် တည်ငြိမ်မှုရှိပြီး ဗို့အားပြည့်ဝစွာ အသုံးပြုနိုင်ရေးနှင့် လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲလာမှုအပေါ် လုံလုံလောက်လောက် ဖြန့်ဖြူး ပေးနိုင်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနအနေဖြင့် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း မိုးတွင်းအခါ၌ လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ကျိုးကျသဖြင့် လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်လျှပ်စစ်ဌာနမှ ဝန်ထမ်းများနှင့် အရှေ့ပိုင်းခရိုင် ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများက သင်္ဃန်းကျွန်း မြို့နယ် ဇဝနရပ်ကွက်အတွင်းရှိ လမ်းများတွင် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းပေးခဲ့ကြသည်။
ထိုကဲ့သို့ မြို့နယ်အတွင်း လျှပ်စစ်အန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်ပေးမှုအပေါ် ရပ်ကွက် နေ ပြည်သူတစ်ဦးကလည်း "မိုးတွင်းကာလတွေမှာ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေ့ရှိတာကြောင့် လျှပ်စစ်ဓာတ်အား လိုင်းကြိုးများအပေါ် သစ်ပင်သစ်ကိုင်းများ ပြိုလဲ၊ ကျိုးကျမှုတွေကလည်း မြို့နယ်အတွင်း မကြာခဏ ဆိုသလို ဖြစ်ပေါ်လေ့ရှိတာကြောင့် လျှပ်စစ် ဓာတ်ကြိုးတွေ ပြတ်တောက်ပြီး လျှပ်စစ်အန္တရာယ် ဖြစ်ပွားမှုများ ရှိနိုင်သည့်အတွက် ယခုလို မြို့နယ်လျှပ်စစ် ဌာနအနေနဲ့ လျှပ်စစ်ဓာတ်အားလိုင်းကြိုးများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်း တွေကို ခုတ်ထွင် ရှင်းလင်းပေးခြင်းအားဖြင့် လျှပ်စစ်အန္တရာယ် ဖြစ်ပေါ်မှုကို ကြိုတင်ကာကွယ်ရာ ရောက်ပါတယ်" ဟု ပြောကြားခဲ့သည်။
စန္ဒာမိုး(ပြန်/ဆက်)