စုကလိမြို့၌ စာဖတ်ဝိုင်းဆောင်ရွက်

စုကလိ မေ ၂၆

ပြည်သူများ စာအုပ်စာပေဖတ်ရှုသည့်အလေ့အကျင့်နှင့် စာပေသုတ၊ ရသအကြောင်းအရာများကို အသင်းအဖွဲ့နှင့် ပူးပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများ အသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စုကလိမြို့ ဦးစီးမှူး ဦးဇော်နိုင်လင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး မြို့စာအုပ်စာပေ ချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ ဦးထင်အောင်ကျော်က ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ၊ ကလေးကိုရွေးချယ်ခွင့်ပေးပါ၊ ကလေးတို့အမြင်နှင့်သုံးသပ်ချက်၊ မိမိအလှည့်ရောက်အောင်စောင့်ပါ၊ မိကောင်းဖကောင်းတို့၏ အရည်အသွေးများစသည့် ခေါင်းစဉ်များဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဦးအောင်မျိုးမြင့်က မိဘတွေကကလေးကို ဖျက်ဆီးနိုင်ပါသလား၊ သင့်ကလေးနဲ့ ဘယ်လိုပြောဆိုဆက်ဆံမလဲ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Book Club အသင်းဝင် ဦးဇော်နိုင်လင်းက ဆရာတွေ တိုက်ရိုက်ဖန်တီးပေးနိုင်တဲ့ ပတ်ဝန်းကျင်၊ ဆရာတွေ တိုက်ရိုက်မပြောင်းလဲပေးနိုင်တဲ့ပတ်ဝန်းကျင် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဒေါ်ပိုပိုအောင်က အရေးကြီးတာစကားပါ၊ ကြိုးစားအားထုတ်မှုနှင့်ရလဒ် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဖတ်ကြားဆွေးနွေးကြသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက စာရေးဆရာ ဒေါက်တာသိန်းလွင် (ပညာရေးစိတ်ပညာ) ရေးသားသော ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)