ကျိုင်းတုံမြို့နယ်တွင် တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

ကျိုင်းတုံ   မေ    ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ တောင်သူများ အဆင်ပြေစေနိုင်ရေးအတွက် နိုင်ငံတော်မှ အတိုးနှုန်း သက်သာစွာဖြင့် စိုက်ပျိုးစရိတ် ချေးငွေများအား ယနေ့ နံနက် ၁၀ နာရီက မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံမြို့နယ်ခွဲရုံးတွင် ဒေသခံတောင်သူများအား စတင်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် စပါးစိုက်တစ်ဧကကို ငွေကျပ် ၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံ စိုက်ပျိုးဧက တစ်ဧကကို ငွေကျပ် ၁၀၀,၀၀၀ နှုန်း၊  တစ်နှစ်လျှင်  အတိုး ၅ ရာခိုင်နှုန်းဖြင့် ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စုမှ တောင်သူ ၁၀ ဦး၊ စိုက်ပျိုးမြေဧက ၂၈ ဧက အတွက် စုစုပေါင်းငွေကျပ် ၄၂ သိန်းကို  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ကျိုင်းတုံမြို့နယ်ခွဲရုံးမှ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ လာမည့်မိုးစပါးစိုက်ပျိုးချိန်နှင့် အခြား စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် အထောက်အကူဖြစ်စေရန် နိုင်ငံတော်အစိုးရမှ အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်းနှင့် ကျန်ရှိသည့်တောင်သူများအား လာမည့် စက်တင်ဘာလကုန်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ဆက်လက်ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ်ခွဲ၊  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်  မန်နေဂျာ ဦးကျော်လွင်အောင် ထံမှ သိရသည်။

အောင်ဇင်မြင့်