တနင်္သာရီ-မေလ၂၇
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်၊တကူ(စံပြ)တိုက်နယ်ဆေးရုံ၌ မေလ(၂၅)ရက်နေ့က ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ (၁၇)နှစ်အရွယ်အမျိုးသမီးနှင့်ထိစပ်ပြီး အနံ့ပျောက်နေသူအမျိုးသမီး(၁၄)ဦးအား တကူ(စံပြ) တိုက်နယ် ဆေးရုံ တာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်မှဦးဆောင်ကြီးကြပ်၍ ဓါတ်ခွဲ ကျွမ်းကျင်(၄) ဒေါ်စုမြတ်မွန် မှ မေလ ၂၆ရက်နေ့၊ မွန်းလွှဲ၁နာရီက Covid-19 Antigen Rapid Test (RDT)ဖြင့် သီးသန်ဆောင် အတွင်း စစ်ဆေး ပေးရာ အမျိုးသမီး(၇)ဦး မှာ Covid -19 ရောဂါပိုး အတည်ပြုတွေ့ရှိရကြောင်း သိရှိရသည်။
သို့ပါ၍ Covid -19 ရောဂါပိုးအတည်ပြုတွေ့ရှိသူ လူနာအမျိုးသမီး(၈)ဦးနှင့် အနံ့ပျောက်နေသူအမျိုးသမီး (၇)ဦး စုစုပေါင်း(၁၅)ဦးတို့အား တကူ(စံပြ)တိုက်နယ်ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ လမ်းညွှန် ချက်နှင့်အညီ ( Community Based Facility Quarantline)အသွား အလာ ကန့်သတ်၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းခြင်းတို့ဖြင့် (၁၄)ရက်အကြာကျန်းမာရေး စောင့်ကြပ်ပေးသွားမည်ဖြစ်ကြောင်း လက်ရှိတွင်၎င်းတို့အားလုံး ကျန်းမာရေး ကောင်းမွန်လျက် ရှိကြောင်း ဒေါက်တာ ဖြိုးမြင့်ကြည် ထံမှသိရှိရသည်။
အဆိုပါ အနံ့ပျောက်သူ(၁၄)ဦးသည် တကူ(စံပြ)တိုက်နယ်ဆေးရုံ သီးသန်အဆောင်တွင်ကိုဗစ်-၁၉ရောဂါပိုး စတင်တွေ့ရှိသူအမျိုးသမီးနှင့်အတူ (၃၀-၄-၂၀၂၁)နေ့မှ (၁၉-၅-၂၀၂၁)ရက်အထိ တနင်္သာရီမြို့နယ်၊ သာရဘွင်ကျေး ရွာအုပ်စု-သာရဘွင်အရှေ့ရွာရှိနေအိမ်တစ်ခု၌တယောထိုး သင်တန်း တက်ရောက်ခဲ့ကြသည့်သင်တန်းသူ(၃၅)ဦး ထဲတွင်ပါဝင်သူများဖြစ်၍ အင်းရှည်ကုန်းရွာနှင့်သာရဘွင်အရှေ့ရွာနေ ဒေသခံ ကရင် တိုင်းရင်း သူများဖြစ်ကြသည်။
သို့ပါ၍ ကျန်ရှိသည့်သင်တန်းသူ(၂၁)ဦးကိုလည်း သာရဘွင်အရှေ့ရွာရှိ မိမိတို့ နေအိမ်မှအပြင်သို့မထွက်ခွါရန် (Home Quarantline)ထားရှိပြီး (၁၄)ရက်အကြာကျန်းမာရေးစောင့်ကြပ်ကြည့်ရှုထားရှိကြောင်း၊အားလုံးကျန်းမာ ရေး ကောင်းမွန်ကြကြောင်း ရောဂါပိုးတွေ့ လူနာနှင့် ထိစပ်ဆက် နွယ် မှုရှိသူများကို ဆက်လက်စစ်ဆေးလျက် ရှိပါ ကြောင်း ဒေါက်တာဖြိုးမြင့်ကြည်ထံမှ ထပ်မံသိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)