သာယာဝတီမြို့နယ်တွင် စျေးလမ်းနှင့် ရန်ကုန်-ပြည် ကားလမ်းဘေးရှိ ရေမြောင်းများ ရေစီးရေလာ ကောင်းမွန် စေရေး တူးဖော်ရှင်းလင်း

 

သာယာဝတီ     မေ ၂၇

 ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့ စျေးရပ်ကွက်ရှိ စျေးအနီးအနား ပတ်ဝန်းကျင် ရေမြောင်းများနှင့် ရန်ကုန်-ပြည်ကား လမ်းဘေး ရေမြောင်းများအား ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများတူးဖော်ခြင်း၊ ရေလမ်းကြောင်း ရှင်းလင်းခြင်း လုပ်ငန်းများကို မေ ၂၆ ရက် နံနက်ပိုင်းက သာယာဝတီမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စျေးလမ်းအနီးတဝိုက်နှင့် ရန်ကုန်-ပြည်ကားလမ်းဘေးတွင် ပိတ်ဆို့နေသော ရေမြောင်း များအား ရေစီးရေလာ ကောင်းမွန်စေရေး၊ ရေဆိုး ထုတ်မြောင်းများ ကောင်းမွန်လာစေရေး၊ ရပ်ကွက်နေ ပြည်သူများအနေဖြင့် သန့်ရှင်းစွာ နေထိုင်နိုင်ရေး၊ မြို့အင်္ဂါရပ်များနှင့် ပြည့်စုံလာစေရေး တို့အတွက် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယခု ပထမအဆင့်အနေဖြင့် ရေမြောင်းများဖော်ထုတ်ပြီး ရန်ပုံငွေအခြေအနေအရ မြို့ပေါ် ရပ်ကွက် များနှင့် ကျေးရွာ များတွင် ရေမြောင်းများဆက်လက်အဆင့်မြှင့်တင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သာယာဝတီ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ထံမှ သိရသည်။

သန့်ဇော်(ခရိုင်ပြန်/ဆက်)