ဝိုင်းမော် မေ ၂၇
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် မြစ်ကြီးနားခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်တမ်မှ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံခြင်း နှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးဇော်မင်းဦးမှ ကျောင်းအပ်နှံရေးသီတင်းပတ် မေ(၂၄)ရက်မှ မေ(၃၁)ရက်အထိ တစ်နိုင်ငံလုံး ကျင်းပအပ်နှံနေကြပြီး၊ ဇွန်(၁)ရက်နေ့မှစ၍ ကျောင်းများဖွင့်လှစ် သင်ကြား သွားတော့မည် ဖြစ်ကြောင်း၊ ကျောင်းအပ်နှံသည့် ငွေကြေးများ ကောက်ခံမည်မဟုတ်ကြောင်း၊ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရာတွင် တည်ငြိမ်အေးချမ်းစွာ ပညာသင်ယူနိုင်ရန်အတွက် ကျောင်းသား မိဘ/ဆရာများ ပူးပေါင်း ပါဝင်စေလိုကြောင်း ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ဝိုင်းမော်မြို့နယ်ပညာရေးရုံးမှ ဒုတိယပညာရေးမှူး ဦးငွါးတားမှ နွေရာသီတွင် ကျောင်းသား၊ ကျောင်းသူလေးများအား ကျောင်းအဆင့်မြှင့် ပညာသင်ကြားနိုင်ရေးအတွက် ဆရာ/ဆရာမများသည် မွမ်းမံ သင်တန်းများ တက်ရောက်ထားပြီး ဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အားလုံးအတွက် လုံခြုံရေးဆောင်ရွက် ပေးထားပါကြောင်း၊ ကျောင်းအပ်နှံရာတွင် (၅)နှစ် အရွယ် ကလေးများကို သူငယ်တန်း(KG)သို့ လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း (Grade-1)သို့ လည်းကောင်း ကျောင်းအပ်နှံရမည် ဖြစ်ပါကြောင်း၊ ဝိုင်းမော်မြို့နယ်တွင် အခြေခံပညာ အ.ထ.က ကျောင်း (၁၀)ကျောင်း၊ အ.ထ.က-ခွဲ (၇)ကျောင်း၊ အ.လ.က (၇) ကျောင်း၊ အ.လ.က-ခွဲ (၁၅)ကျောင်း၊ အ.မ.က-ခွဲ(၁၅)ကျောင်း၊ မူလွန် (၁၃)ကျောင်း၊ အ.မ.က (၈၂)ကျောင်း စုစုပေါင်း (၁၄၉)ကျောင်းရှိပြီး ကျောင်းအပ်နှံရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျောင်းအပ်လက်ခံ မည်ဖြစ်ကြောင်းနှင့် အဆိုပါကျောင်းအပ်နှံရာတွင် အခကြေးငွေ တစ်စုံတစ်ရာ ကောက်ခံမှု လုံးဝမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ပါးစပ်နှာ ခေါင်းစည်း (mask)နှင့် မျက်နှာအကာ (face shield)တို့ကို နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးကြောင်း ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံး ဗလာစာအုပ်နှင့် စာရေး ကိရိယာများကို ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ် ဆရာ/ဆရာမကြီးများက အသီးသီး လက်ခံကြသည်။
ဝိုင်းမော် (ပြန်/ဆက်)