ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများဆောင်ရွက်

ကျောက်ဖြူ   မေ  ၂၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက  အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများက လူသွား လူလာများသော အစိုးရရပ်ကွက်ရှိ မြေစာရင်းမီးပွိုင့်တွင်   ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူး ဝင်းဇော်ဟန်ဦးဆောင်သည့်  တပ်ဖွဲ့ ဝင်များက မော်တော်ယာဉ်မောင်းနှင်သူများ၊ ဆိုင်ကယ်မောင်းနှင်သူများနှင့် အငှားယာဉ်မောင်းနှင် နေသူများကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား အခမဲ့ ဖြန့်ဝေပေးပြီး မော်တော်ယာဉ်မောင်းများအား ယာဉ်မောင်းနေစဉ်အတွင်း အသက်ကယ်ထိုင်ခုံခါးပတ်ပတ်ထားပြီးမှသာမောင်းနှင်ကြရန်၊ ဆိုင်ကယ်စီးနှင်းသူများနှင့် လိုက်ပါ စီးနှင်း သူများအား ဆိုင်ကယ်စီးဦးထုပ်ကို စနစ်တကျဝတ်ဆင်ပြီးမှသာစီးနှင်းကြရန်  နှစ်ဦးထက်ပို၍မစီးနင်းကြရန်နှင့် ပါဝါအိပ်ဇောတပ်၍ မောင်းနှင်ခြင်းများ မပြုလုပ်ရန်အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်တွင် ထိုသို့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးခြင်းများ ကို အပတ်အစဉ် ကြာသာပတေးနေ့တိုင်း   ဆောင်ရွက်လျက်ရှိကြောင်း အမှတ်(၂၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒုရဲမှူးထံမှ သိရှိရသည်။

        

တင်ထွန်းဦး ၊ဖြိုးဝေလင်း