ပုဗ္ဗသီရိမြို့နယ်တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

 

ပုဗ္ဗသီရိ      မေ    ၂၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ 

အခမ်းအနားတွင် ပုဗ္ဗသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသန်းငွေမှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူးရုံးမှ ပညာရေးမှူးဦးသိန်းလွင်က အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ကျောင်းနေအရွယ် ကလေးများအားလုံး ပညာသင်ကြားနိုင်ရေးကို မိဘ၊ဆရာများ အနေဖြင့် ပူးပေါင်းပါဝင်ပေးကြရန် ရှင်းလင်းပြောကြားသည်။ ထို့နောက် နိုင်ငံတော်မှပေးအပ်သော အခမဲ့ဗလာစာအုပ်များကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်က အခြေခံပညာအထက်တန်း ကျောင်းများကိုယ်စား အောင်သုခ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းအေးထံသို့ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးတင်ဦးက အခြေခံပညာအလယ်တန်းကျောင်းများကိုယ်စား ရွာတော်အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်သန်းထံသို့ လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃) ဦးစီးအရာရှိ(လ.ဝ.က) ဦးကျော်မင်းသူက အခြေခံပညာမူလတန်းများကိုယ်စား ဇလုပ်ကြီးအခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းထံသို့လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံရေး အခမ်းအနားသို့ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ကြကြောင်း သိရသည်။

မျိုးသီဟ (ပြန်/ဆက်)