လက်ပံတန်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်

လက်ပံတန်း   မေ  ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မေလ ၂၃ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၃)အုပ်စုရှိ ကျေးရွာ(၄)ရွာမှ နေအိမ် ၁ လုံးပြိုလဲ၍ နေအိမ် (၄)လုံး အမိုးလန်ပျက်စီးခဲ့ရာ အဆိုပါ နေအိမ်များမှ ပြည်သူများအတွက် သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး၌ ပေးအပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်က မိုးကြိုကာလတွင် ကျေးရွာများအနေဖြင့် သဘာဝဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆောင်ရွက်ထားရန်လိုကြောင်း၊ သဘာဝဘေး ဖြစ်ပေါ်လာပါက အချိန်မီသတင်းပေးပို့ ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပြီး သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမာက ထောက်ပံငွေပေးအပ်မှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ထောက်ပံ့ငွေများ ပေးအပ်ရာ ပျက်စီးနေအိမ်များအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ်၊ ၂၂၀၀၀၀ ပျက်စီးနေအိမ်ရှိ အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေကျပ် ၊ ၄၄၁၀၀ စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၆၄၁၀၀ နှင့် ပြိုလဲနေအိမ်တစ်လုံးအတွက် ကယ်ဆယ်ရေး (၁၇)မျိုးပါ ပုံးတစ်ပုံးကို သာယာဝတီခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှုးရုံးမှ လေဘေးသင့်ပြည်သူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင့်နန္ဒာဌေး (ပြန်/ဆက်)