ရန်ကုန် မေ ၂၇
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ် ဝိုင်း ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းကို စာရေးဆရာမ လမင်းအိမ်(ဥပဒေ) ဦးဆောင်ပြီး မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိတ်သတ်များက စာရေးဆရာကြည်နိုင် ရေးသားထားသော “ဘဝပုံရိပ် စာပုံရိပ်” စာအုပ်ပါ အကြောင်းအရာများကို အချင်းချင်း အမြင်ခြင်း ဖလှယ်သည့်အနေဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့ခြင်းဖြစ် သည်။
“ဒီနေ့စာဖတ်ဝိုင်းလေးကို ဦးဆောင်ဆွေးနွေးပေးရတဲ့ ရည်ရွယ်ချက်ကတော့ လူငယ်တွေဟာ စာကို ဖတ်မှ တိုးတက်မယ် စာအုပ်စာပေဆိုတာ လူ့မိတ်ဆွေဖြစ်တယ် စာအုပ်ကိုဖတ်ပြီးတော့မှ စာအုပ်ကရတဲ့ အသိကို သယ်ဆောင်ပြီးတော့ လူ့လောက လူ့ပတ်ဝန်းကျင် နိုင်ငံတော်ရဲ့ကောင်းကျိုးတွေရရှိအောင် ထမ်းဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု စာရေးဆရာမ လမင်းအိမ်(ဥပဒေ)မှ ပြောကြားခဲ့ သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်များအနေဖြင့် နံနက် (၉) နာရီခွဲမှ ညနေ(၄)နာရီခွဲအချိန်ထိ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ စာကြည့်တိုက် ဖွင့်လှစ်ပေးထားပြီး စာကြည့်တိုက် လာရောက်သူများအနေဖြင့် စာအုပ်ငှားရမ်းခြင်းများအပြင် အခမဲ့ Wi-Fi အသုံးပြုခြင်း၊ ဒေသဆိုင်ရာသမိုင်းအကျဉ်းများ၊ ပြတိုက်ငယ်များ၊ ကလေးများအတွက် စာဖတ်ခန်းများ၊ အပတ်စဉ် စာဖတ်ပရိတ်သတ်များ စုပေါင်း၍ စာဖတ်ဝိုင်းများရှိသည့်အပြင် စာကြည့်တိုက်သို့ မလာရောက်နိုင်သူ များအတွက်လည်း Online Facebook Page များမှလည်း နိုင်ငံတော်ထုတ်ပြန်ချက်များ၊ မိုးလေဝသ သတင်းများ၊ ဒေသဆိုင်ရာ ထူးခြားဖြစ်စဉ်သတင်းများ၊ စာအုပ်မိတ်ဆက်အစီအစဉ်များနှင့် ကလေးများ အတွက် ပုံပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ခေါက်ခြင်း အစီအစဉ်များကို လည်း တင်ဆက်ပေးလျက်ရှိသည်။
စန္ဒာမိုး(ပြန်/ဆက်)