မြိတ် မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာမှုအား ကာကွယ်ထိန်းချုပ်နိုင် ရေးနှင့် ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် မေလ(၂၆)ရက် နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန ကျွန်းရတနာအစည်းအဝေးခန်းမတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော် မတီနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံ၍ ညှိနှိုင်ဆွေးနွေးခဲ့ကြသည်။
မြိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုအနေဖြင့် ရောဂါပိုးတွေ့ရှိသူ(၁၆)ဦးအထိ တိုးလာခဲ့ရာ ရောဂါ ကူးစက်မှု ထိန်းချုပ်နိုင်ရေး၊ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီ နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ပညာပေးလုပ်ငန်းများ၊ လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်နိုင်ရေး ညိှနှိုင်းဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် မြိတ်ခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဉက္ကဌ၊ ခရိုင်စီမံ အုပ်ချုပ် ရေးအဖွဲ့ဉက္ကဌ ဦးဉာဏ်ဇော် က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို လမ်းညွှန် ချက်များနှင့် ညွှန်ကြားချက်များအတိုင်း ပူးပေါင်းဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး တက်ရောက် လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် မြို့မိမြို့ဖများက ရောဂါကြို တင် ကာကွယ်ရေး လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။
မြိတ်မြို့တွင် မေလ(၁၀)ရက်နေ့၌ ရောဂါပိုးရှိသူ စတင်တွေ့ရှိခဲ့ပြီး မေလ(၂၅)ရက်အထိ ရောဂါပိုးတွေ့ ရှိသူ စုစုပေါင်း (၁၆)ဦးအထိ ရှိလာခဲ့ပြီး ၄င်းတို့ကို တပ်မတော်ဆေးရုံနှင့် မြိတ်ပြည်သူ့ဆေးရုံတို့တွင် ဆေးကုသပေး ၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ ထို့အတူ ကျွန်းစု မြို့နယ်တွင် ရောဂါပိုးရှိသူ(၂)ဦးနှင့် တနင်္သာရီ မြို့နယ်တွင် ရောဂါပိုးရှိသူ(၁)ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအနေဖြင့် ရောဂါပိုးတွေ့ရှိသူနေထိုင်သည့် နေအိမ်ရှိသူများအား (၂၁)ရက် နေအိမ်အသွားအလာ ကန့်သတ် ထားရှိပြီး စောင့်ကြပ်ကြည့်ရှုရေးအဖွဲ့မှ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ် ကြောင်း၊ လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ စာသောက်ဆိုင်များ၊ စက်ရုံ အလုပ်ရုံ များ၊ ဟိုတယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်း ချက်များနှင့် ညီညွှတ်ခြင်းရှိမရှိ စစ်ဆေး သွားမည်ဖြစ် ကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )