ကော့ကရိတ် မေ ၂၇
ပြည်သူများသွားလာရေးအဆင်ပြေစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ် (၂) ရပ်ကွက်တွင် ယခင်ပျက်စီးနေသည့် ဘုရင့်နောင်ကွန်ကရစ်လမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု (၇၅)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။
အဆိုပါဘုရင့်နောင်လမ်းမှာ အရှည် ၂၂၀၀ ပေ၊ အကျယ် ၁၄ ပေ၊ ထု ၃ လက်မ ရှိကြောင်း၊ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို မေလ ၁၀ ရက်နေ့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်သန်း ၄၅ ဒသမ ၇၃၈ ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးစောမောက်ခွတ်ဒါ နှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလမ်းမှာ မြို့တွင်းလမ်းများအပြင် အမှတ် (၂)ရပ်ကွက်ရှိ အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ဆက်သွယ်ထားပြီး အသွားလာများသည့် လမ်းဖြစ်ရာ ယခင်ပျက်စီးနေသည့် ကတ္တရာလမ်းအား ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးလက်နေပြည်သူများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ရာသီမရွေး ဆက်သွယ်သွားလာမှု ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်( ပြန်/ဆက်)