၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနား အ.ထ.က (ဇီးကုန်း) တွင် ကျင်းပ

ဇီးကုန်း  မေ ၂၇

၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း အ.ထ.က(ဇီးကုန်း)တွင် ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီက ကျောင်းအပ်နှံရေး ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ဇီးကုန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၁၀၄) ကျောင်းရှိပြီး ကျောင်းအားလုံးတွင် ကျောင်းအပ်လက်ခံလျက် ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးငယ်များ အားလုံး ပညာသင်ခွင့်ရရှိရေး နိုင်ငံတော်မှ အခမဲ့ပညာရေးစနစ်ကို  ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရပ်မိရပ်ဖများ မိဘများ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းနှင့် ဇီးကုန်းမြို့နယ် သည် တိုင်းအဆင့်တွင် ပထမ ရရှိနေသည့်ဂုဏ်ကို ဆက်လက်ထိန်းသိမ်းသွားရန် ကျောင်းသား ကျောင်းသူများ၊ မိဘ ဆရာများက ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးကြစေလိုကြောင်း တို့ကို ပြောကြားခဲ့သည်။ ဆက်လက်၍ တာဝန်ရှိသူများက နိုင်ငံတော်မှပံ့ပိုးပေးသည့် ကျောင်းသုံး ပုံနှိပ်ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ခဲတံ ဘောပင်နှင့် ကိုဗစ်ရောဂါကာကွယ်ရေးသုံး ပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများမှ လက်ခံရယူခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်ဆက်)