ပဲခူး မေ ၂၇
၂၀၂၁-၂၀၂၂ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ရက် နံနက် ၉ နာရီက ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "ကျောင်းအပ်ကြစို့" သီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းက အေးချမ်း သာယာပြီး "ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ့" ဟူသော နိုင်ငံတော်ရဲ့ ပညာရေး ဆိုင်ရာ ဆောင်ပုဒ်နှင့်အညီ လူတိုင်းပညာတတ်မှ အေးချမ်းသာယာပြီး ခေတ်မီ တိုးတက်သော နိုင်ငံတော်ကြီး တည် ဆောက်နိုင် မှာဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းသို့ရောက် ရှိရေး အတွက် မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး တစ်ပြိုင်နက် အကောင် အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် မည်သည့်ခွဲခြားမှု မျှမရှိဘဲ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်မထားဘဲ ကျောင်းထွက်သူ မရှိစေရေးတို့ကို အခြေခံပြီး ကျောင်းနေ အရွယ်ကလေးများအားလုံး အရည်အသွေးရှိသော သင်ယူမှုအခွင့်အလမ်းမြင့်မားရေးကို ဦးတည်လျှက် အခြေခံပညာ ကျောင်းများအားလုံး ပြန်လည် ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျှက်ရှိကြောင်း၊ ၂၀၂၀-၂၀၂၁ပညာသင်နှစ်မှာ ကမ္ဘာနဲ့အဝှမ်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် အခြေခံ ပညာကျောင်းကို ပညာသင်နှစ်တစ်နှစ်လုံး ပိတ်ထားခဲ့ရပြီး ယခု ၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာတော့ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်အားလုံး တစ်ပြိုင်တည်းဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက် လျှက်ရှိကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးနှင့်ပတ်သက်၍ မိဘ၊ ဆရာ၊ ကျောင်းသား/သူများက ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစိုးလွင်က ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးနှင့် ကောင်စီအဖွဲ့ဝင် (၁) ဗိုလ်မှူးကြီး လှမျိုးရွှေတို့က နိုင်ငံတော်မှ အခမဲ့ ဖြန့်ဝေပေးသည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ Mask ၊ Face Shieldများနှင့် သာမိုမီတာများအား ပဲခူးခရိုင်ပညာရေးမှူး၊ ပဲခူးမြို့နယ်ပညာရေးမှူးနှင့် သနပ်ပင်မြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူး တို့ထံ ပေးအပ်ခဲ့သည်။
ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက "မြန်မာ့ကျောင်း" သီချင်း သီဆို၍ အခမ်းအနား ကိုရုပ်သိမ်းခဲ့ပြီး ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရား လွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်အေးနှင့် ကောင်စီအဖွဲ့ဝင်များက ကျောင်းသား/သူများ ကျောင်း လာရောက်အပ်နှံ လက်ခံဆောင်ရွက်ပေးနေမှု အခြေအနေများ ကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရား သူကြီးချုပ် ဦးမောင်မောင်အေးနှင့် ကောင်စီအဖွဲ့ဝင်များ၊ ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစိုးလွင်နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ပညာရေးမှူးများ၊ ကျောင်းအပ်နှံရေး လုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသား/သူများ၊ အလှူရှင်များ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်(တိုင်းဒေသကြီး ပြန်/ဆက်)