လေးမျက်နှာ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ်တွင် "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ "ဆောင်ပုဒ်အတိုင်း မေလ၂၄ရက်နေ့ နံနက်(၈)နာရီအချိန်မှ စတင်ပြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနမှ (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရန်၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့အပ်နှံရန်နှင့် ကျောင်းများ အပ်နှံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ နှာခေါင်းစည်း(Mask)၊ Face Shield တို့ကို ကျောင်းသား/ကျောင်းသူတိုင်းအား နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ကျောင်းအပ်လက်ခံရာတွင်ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးနှင့်အညီ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၇၅)ကျောင်းရှိရာ (အ.ထ.က) ကျောင်း(၈) ကျောင်း၊ (အ.ထ.က-ခွဲ)ကျောင်း(၁၂)ကျောင်း၊ (အ.လ.က)ကျောင်း(၈)ကျောင်း၊ (အ.လ.က-ခွဲ) ကျောင်း(၈)ကျောင်း၊ (မူ/လွန်၊ အ.မ.က)ကျောင်း(၄)ကျောင်း၊ (အ.မ.က)ကျောင်း (၁၂၉)ကျောင်း၊ (မူ/ခွဲအ.မ.က)ကျောင်း(၅)ကျောင်း၊ ဘုန်းတော်ကြီး စာသင်ကျောင်း(၁)ကျောင်းရှိကြောင်းနှင့် ကျောင်းများအားလုံး ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် (၂၄-၅-၂၀၂၁)မှစ၍ (၃၁-၅-၂၀၂၁) အထိ ကျောင်းအပ် လက်ခံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
လေးမျက်နှာ(ပြန်/ဆက်)