စဉ့်ကိုင် မေ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့နယ်အဆင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနား ဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာ စကားပြောကြား ခဲ့ကြောင်းနှင့် မြို့နယ်ပညာရေးမှူး ဦးလှမြင့် ကကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ ကျောင်းသို့ ရောက်ရှိလာပါက ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးအနေဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ပြန် ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ကျောင်းများအား ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်ဗိုလ်မှူး ပြည့်ဖြိုးအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများက နိုင်ငံတော်မှထောက်ပံ့ ပေးအပ်သည့် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ Mask များ၊ Face shieldများကို ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများသို့ ထံလွှဲပြောင်းပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော ဆရာ၊ ဆရာမကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လုံခြုံရေးနှင့်ပတ်သက်၍ လိုအပ်သည်များ ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။
ညိုညို၀င်း(စဉ့်ကိုင် ပြန်/ဆက်)