မိတ္ထီလာမြို့နယ်၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသူများအား အရေးယူ ဆောင်ရွက်

မိတ္ထီလာ    မေ  ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒေသခံပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရန်   ယာဉ်စည်းကမ်းလမ်းစည်းကမ်း  မလိုက်နာသူများအား ယနေ့နံနက်က မိတ္ထီလာ- ကျောက်ပန်းတောင်းသွားကားလမ်း မိတ္ထီလာကန်ကူးတံတားပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မိတ္ထီလာ)မှ ရဲအုပ်သန်းနိုင်စိုးနှင့် တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဒေသခံပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရန်အတွက် ၂၀၂၀ပြည့်နှစ် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေများကို သိရှိလိုက်နာစေရေးနှင့် ဆိုင်ကယ်မောင်းနှင်သူများ ဆိုင်ကယ် မောင်းနှင်လျှင် ဆိုင်ကယ်ရှေ့မီး အနိမ့်ဖွင့် နေ့/ည မောင်းနှင်စေရေး၊ သတ်မှတ်လိုင်စင်အလိုက် မော်တော်ယာဉ်အား မောင်းနှင်စေရေး၊ ဆိုင်ကယ်စီးဦးထုပ်ဆောင်းမေးသိုင်းကြိုတပ်ပြီး လူနှစ်ဦးထက် ပိုမစီးစေရေး၊ လမ်းညွှန်အမှတ်အသားများ အား လိုက်နာစေရေးစသည့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးလုပ်ငန်းများကို မေလ ၅ ရက်နေ့မှ ၁၀ ရက်နေ့အထိ   ဆောင်ရွက်ခဲ့သည်။ ထိုသို့ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ပြီးဖြစ်၍ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာသူများအား အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းကို မေလ ၁၃ ရက်နေ့မှ စတင်၍ နေ့စဉ် ဆောင်ရွက်လျက်ရှိသည်။

ယင်းသို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းမလိုက်နာသူများအား အရေးယူဆောင်ရွက်ရာတွင် မေလ ၁၃ ရက်နေ့မှ ယနေ့အချိန်အထိ  မော်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် ဦးထုပ်မဆောင်းအရေးယူမှု (၁၇၅)မှု နှင့် လိုင်စင်မဲ့ယာဉ် နှစ်စီးတို့ကို အရေးယူနိုင်ခဲ့ကြောင်း အမှတ်(၉၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိတ္ထီလာ)ထံမှ သိရသည်။

 သိန်းမြင့်ကျော်